သံဖြူဇရပ် မေ ၁၀
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်တွင် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု လုပ်ငန်းကော်မတီမှဦးဆောင်၍ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်များအား မိဘပြည်သူများအနေဖြင့် သိရှိလိုက်နာနိုင်ရေးနှင့် မုန်တိုင်းအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအသိပေးနှိုးဆော်ခြင်းများကို ယမန်နေ့မွန်းလွဲပိုင်းက သံဖြူဇရပ်မြို့နယ်၊ ကရုပ္ပိကျေးရွာ၊ ဝဲခမိကျေးရွာ၊ ဝယ်ကဝါကျေးရွာ၊ စက်စဲထမင်းဆိပ်ကျေးရွာနှင့် ကျိူက္ခမီမြို့ ပင်လယ်ကမ်းစပ်ရပ်ကွက်များဖြစ်သည့် အောင်ပင်လယ်ရပ်ကွက်၊ မြို့မစျေးရပ်ကွက်နှင့် ဓမ္မစေတီရပ်ကွက်တို့တွင်အသံချဲ့စက်များဖြင့် ဆက်လက်၍ လိုက်လံအသိပေးနှိုးဆော်မှုများ ဆောင်ရွက်ခဲ့သည်။
အဆိုပါအသိပေးနှိုးဆော်ရာတွင် မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု လုပ်ငန်းကော်မတီမှဦးဆောင်၍ မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် တာဝန်ရှိသူများမှ မုန်တိုင်းအန္တရာယ်ဆိုင်ရာအသိပေးနှိုးဆော်ချက်များအားပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန်အတွက်အသံချဲ့စက်ဖြင့် လိုက်လံအသိပေးနှိုးဆော်ခြင်းများကို သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအလိုက် တာဝန်ရှိသူများက ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါမုန်တိုင်းအန္တရာယ်နှိုးဆော်ချက်များကို မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာနမှ အချိန်နှင့်တစ်ပြေးညီထုတ်ပြန်ပေးလျက်ရှိရာ မြန်မာ့အသံရေဒီယိုနှင့် မြန်မာ့ရုပ်မြင်သံကြားသတင်းများကိုနားထောင်ကြစေရေးနှင့် ရပ်ကွက်/ကျေးရွာ တာဝန်ရှိသူများမှလည်း မုန်တိုင်းအန္တရာယ်ဖြစ်ပေါ်လာပါက အချိန်နှင့်တစ်ပြေးညီအသိပေးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း လိုက်လံနှိုးဆော်ပေးလျက်ရှိသည်။
အလားတူ မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးဌာနက လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးအတွက် လမ်းဘေးဝဲယာတစ်ဖက်တစ်ချက်ရှိ ဓာတ်အားလိုင်းရှင်းလင်းခြင်းနှင့် သစ်ပင်များ၏ အကိုင်းအခက်များ ခုတ်ထွင်ရှင်းလင်းခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)