မိုင်းယောင်းမြို့နယ်တွင် နှာခေါင်းစည်း မတပ်ဆင်သူများအား နှာခေါင်းစည်းတပ်ဆင်ရေး အရှိန်အဟုန်မြှင့်ဆောင်ရွက်

မိုင်းယောင်း အောက်တိုဘာ ၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် ကူးစက်မှုမရှိစေရေးအတွက် နေအိမ်ပြင်ပထွက်ခွာပါက နှာခေါင်းစည်း မတပ်ဆင်သူများအား နှာခေါင်းစည်း တပ်ဆင်ပြီး သွားလာရန် ယမန်နေ့ ညနေပိုင်းတွင် မြို့ပေါ်ရှိ လူစည်ကားရာ ဗလမင်းထင်ကျောက်တိုင် လမ်းဆုံ၌ စစ်ဆေးဆောင်ရွက်မှုအား အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြောင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။  

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကာလအတွင်း မိမိနေအိမ်မှ ပြင်ပသို့ ထွက်ခွာပါက နှာခေါင်းစည်း တပ်ဆင်ပြီး သွားလာရန်အတွက် နှာခေါင်းစည်း မတပ်ဆင်သူများအား ယခုဝယ် ယခုတပ်စနစ်ဖြင့် စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ ပြည်သူအများစုအနေနှင့် နှာခေါင်းစည်း တပ်ဆင်သွားလာနေလျက်ရှိပြီး မလိုက်နာသူအချို့အား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် နှာခေါင်းစည်းတပ်ဆင်သည့် အလေ့အထဖြစ်စေရေး အသိပညာပေး ပြောကြားပြီး နှာခေါင်းစည်းကို အခမဲ့ပေးဝေကာ စနစ်တကျ တပ်ဆင်စေခဲ့သည်။

ယင်းကဲ့သို့ ဆောင်ရွက်ရာတွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီဝင်း၊ ကျန်းမာရေး၊ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူး  ဦးသန့်ဇင်ဦး ဦးဆောင်သော ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်းများက ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း