ကျိန္တလီမြို့၌ မုန်တိုင်းအန္တရာယ် ကျရောက်လာပါက မီးသတ်ဦးစီးဌာနမှ ကူညီကယ်ဆယ်ရေး ပစ္စည်းများဖြင့် ကြိုတင်ပြင်ဆင်ထားရှိမှုများကို ကွင်းဆင်းသရုပ်ပြ

ကျိန္တလီ မေ ၁၀

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့၌ မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်ရေး အစီအစဉ်များကို အထူးအလေးထား ဆောင်ရွက်ကာ မီးသတ်ဦးစီးဌာနမှ ကူညီကယ်ဆယ်ရေး ပစ္စည်းများ ကြိုတင်ပြင်ဆင်ထားရှိမှုအား ပြည်သူများသို့ အသိပေး ကွင်းဆင်းသရုပ်ပြပွဲကို ယမန်နေ့ညနေပိုင်းက ကျိန္တလီမြို့၊ အမှတ်(၂)ရက်ကွက် ကူးတို့ဆိပ်၌ ပြုလုပ်ခဲ့ကြသည်။

ထိုသို့ သရုပ်ပြပွဲကို ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများအတွက် လိုအပ်မည့် ပစ္စည်းကိရိယာများဖြင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများကို သရုပ်ပြ ဆောင်ရွက်ခဲ့ကြသည်။ အဆိုပါ သရုပ်ပြပွဲသို့ ကျိန္တလီမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဦးဉာဏ်လင်းနှင့် ဝန်ထမ်းများ၊ ကျိန္တလီမြို့ မီးသတ်ဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး ဦးခင်မောင်ညိုနှင့် တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ရက်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ကမ်းနားနေ ပြည်သူများ တက်ရောက်ကြည့်ရှုခဲ့ကြသည်။

ထို့နောက် မုန်တိုင်းအန္တရာယ် ကျရောက်လာပါက ကျိန္တလီမြို့တွင်းရှိ လူ၊တိရိစ္ဆာန်၊ အဆောက်အအုံများ ထိခိုက်ပျက်စီးမှု လျော့နည်းစေရေးအတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီမှ စုရပ်များ ကြိုတင်ပြင်ဆင်ထားရှိခြင်း၊ မုန်တိုင်းအသိပေး ဆော်သြခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည့်အပြင် မုန်တိုင်းကျရောက်လာပါက မီးသတ်ဦးစီး ဌာနအနေဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများအတွက် ကြိုတင်ပြင်ဆင်ထားရှိပြီးဖြစ်ကြောင်းနှင့် သရုပ်ပြပွဲသို့ တက်ရောက်ကြည့်ရှုကြသော ပြည်သူများသို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက မုန်တိုင်းအန္တရာယ်ကိုကြိုတင်ကာကွယ်နိုင်ရန်အတွက် မုန်တိုင်းဘေး အသိပညာပေး လက်ကမ်းစာစောင်စောင်ရေ (၂၀၀) ကို အများပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် (အခမဲ့) ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ဇော်လင်း