သဘာဝဘေး အန္တရာယ်ကင်းစင်ရေး  အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲဖွင့်ပွဲ အခမ်းအနားကျင်းပ

မိတ္ထီလာ မေ ၁ဝ

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်မှုဖြင့် မြို့နယ်သူ မြို့နယ်သားများ  သဘာဝဘေးအန္တရာယ် ကင်းစင်ရေး ရည်ရွယ်ချက်ဖြင့်  အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲအချိန်က နဂါးရုံမဟာဗောဓိစေတီတော် ပညာဓိက တန်ဆောင်းအတွင်း ကျင်းပဆောင်ရွက်ကြောင်းသိရသည်။

အဆိုပါအခမ်းအနားကို ရှေးဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆို၍ဖွင့်လှစ်ပြီး သဒ္ဓမ္မဝံသာရုံ ကျောင်းတိုက်မှ ဘဒ္ဒန္တဝိလာသက စိန်ရောင်ခြည်ဘုရားပင့်ဂါထာတော်ဖြင့် ဘုရားပင့်တော်မူခြင်း ဆောင်ရွက်သည်။ ထိုနောက် တိုင်းဒေသကြီးသံဃဝန်ဆောင်ဆရာတော် ဘဒ္ဒန္တကုသလထံမှ ငါးပါး သီလတရားတော်များကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်ဇော်ဦးနှင့် အဖွဲ့ဝင်များ ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်အောင်လေးနှင့်အဖွဲ့ဝင်များ၊ ခရိုင်မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တက်ရောက်လာကြသူများက ခံယူဆောက်တည်ကြသည်။ဆက်လက်၍ ဘဒ္ဒန္တစန္ဒေါဘာသ (သာသနာ့ဓဇ ဓမ္မာစရိယ)က ဒေဝနိမန္တန ဂါထာတော်ဖြင့် နတ်၊ ဗြဟ္မာများကို ပင့်ဖိတ်ပြီး ပင့်သံဃာတော် ၁၅ ပါးတို့က မီးကွင်းဂါထာတော်နှင့် လေကွင်းဂါထာတော်များကို ရွတ်ဖတ် ပူဇော်ကြသည်။ ဆက်လက်၍ မဟာပဋ္ဌာန်းကျမ်းမြတ် အသံမစဲရွတ် ဖတ်ပူဇော်ခြင်းများကို ပင့်သံဃာတော်များက အဆင့်ဆင့်ဆောင်ရွက်ကြပြီး အလှည့်ကျဆရာတော် တိုင်းဒေသကြီးသံဃ ဝန်ဆောင်ဆရာတော် ဘဒ္ဒန္တကုသလက မဟာပဋ္ဌာန်းကျမ်းမြတ်ကို စတင်ရွတ်ဖတ်ပူ ဇော်သည်။ အဆိုပါ သံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲကို မေလ ၁ဝ ရက်နေ့ မှ မေလ ၁၅ ရက်နေ့အထိ ကျင်းပ ပူဇော်သွားမည်ဖြစ်ကြောင်းသိရသည်။

ချမ်းသာ