ရန်ကင်း​​မြို့နယ်တွင် သဘာဝဘေးအန္တရာယ်ကျရောက်ပါက အရေးပေါ်ရှာ​ဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ကြည့်ရှုစစ်ဆေး

ရန်ကင်း မေ ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် သဘာဝဘေးအန္တရာယ် ကျရောက်ပါက အရေးပေါ်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ​ ဆောင်ရွက်နိုင်ရေးအတွက် ယနေ့ နံနက် ၁၀ နာရီခွဲက ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်းများ၊ အင်အားအစုအဖွဲ့များ ပြင်ဆင်ထားရှိမှုတို့ကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထူးလွင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊  တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြကြောင်း သိရ သည်။

သို့ဖြစ်ရာ မိုးကြိုကာလတွင် ဖြစ်ပေါ်တတ်သည့် မုန်တိုင်းအန္တရာယ်ကျရောက်ပါက ပြိုကျအဆောက်အအုံများရှိပါက အဆိုပါ အဆောက်အအုံအတွင်း ပိတ်မိလူနာများကို ကယ်ဆယ်ရွှေ့ထုတ်ရန်အတွက် လိုအပ်သောပစ္စည်းများ၊ ပိတ်မိလူနာများအား ဝင်ရောက်ကယ်ဆယ်ရာတွင် အသုံးပြုသည့် အသက်ရှူကိရိယာများ၊ အရေးပေါ်မီး အသုံးပြုရန်အတွက် Area Lighting နှင့် မီးစက်များ၊ အရေးပေါ်ကယ်ဆယ်ရေးကြိုးများ၊ သစ်ပင်များပြိုလဲသည့်အခါ သစ်ပင်များကို ဖြတ်တောက်ရှင်းလင်းရာတွင် အသုံးပြုသည့်  Chain Saw များ၊ အရေးပေါ်သုံးပစ္စည်းများ အသင့်စုဖွဲ့ ဆောင်ရွက်ထားရှိခြင်းတို့ကို မြို့နယ်မီးသတ်ဦးစီးမှူးက ရှင်းလင်းတင်ပြခဲ့ပြီး မြို့အုပ်ချုပ်ရေးမှူးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

ရန်ကင်းမြို့နယ်တွင် မိုးရာသီအတွင်း ဖြစ်ပေါ်တတ်သည့် ဘေးအန္တရာယ်များနှင့် မြို့အတွင်းဖြစ်ပေါ်လာနိုင်သည့် မိုးလေဝသအခြေအနေများကို ပြည်သူများထံသို့ အချိန်မီအသိပေးပြန်ကြားပြီး ဘေးအန္တရာယ်များ ဖြစ်ပွားလာပါက လျင်မြန်စွာတုံ့ပြန်နိုင်ရေးနှင့် အခြားသောဘေးအန္တရာယ် ကျရောက်သည့်အခါ အရေးပေါ်ရှာ ဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ရန်ကင်းမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ အရိုးကျိုးပတ်တီးစည်းနည်းနှင့် CPR သရုပ်ပြခြင်း၊မိုးစေတနာပရဟိတအသင်းမှ Oxygen Care သရုပ်ပြသခြင်းနှင့် လူနာသယ်ဆောင်နည်း သရုပ်ပြခြင်း၊ မြို့နယ်မီးသတ်တပ်ဖွဲ့မှ ရှာဖွေကယ်ဆယ်ရေးပစ္စည်းများ အသုံးပြုပုံသရုပ်ပြခြင်းနှင့် အသက်ကယ်လှေကားအသုံးပြုနည်း သရုပ်ပြခြင်းတို့ကို ပြသကာ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး  ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

အိရွှေစင်(ပြန်/ ဆက်)