ဒဂုံတောင် မေ ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် မီးသတ်ဦးစီးဌာနတွင် မြို့နယ်မီးသတ်ဦးစီးမှူးဦးမြင့်သူ၏ စီစဉ်ကြီးကြပ်မှုဖြင့် သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်လာပါက တုံ့ပြန်ဆောင်ရွက်နိုင်ရေး ယာဉ်၊ စက်ပစ္စည်းကိရိယာများ အသင့်စုဖွဲ့လေ့ကျင်းခြင်းနှင့် သဘာဝဘေးအန္တရာယ်၊ မုန်တိုင်းဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းများ အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့သို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးမှူးဦးမြင့်သူနှင့် မီးသတ်တပ်ဖွဲ့ဝင်များက သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်လာပါက တုံ့ပြန်ဆောင်ရွက်နိုင်ရေး ယာဉ်စက်ပစ္စည်း ကိရိယာများအသင့်စုဖွဲ့လေ့ကျင့်ခြင်းများ ဆောင်ရွက်ကြပြီး ဒေသခံပြည်သူများအား သဘာဝဘေးအန္တရာယ်ဆိုင်ရာများအား အသိပညာပေးလက်တွေ့သရုပ်ပြရာတွင် ကြိုတင်ပြင်ဆင်ရန်များ၊ မုန်တိုင်းဖြစ်ပေါ်မည်ဟု သတိပေးချက်ရလျှင်ဆောင်ရွက်ရမည့်အချက်များ၊ ရေကြီးရေလျှံဖြစ်ပေါ်ပါကဆောင်ရွက်ရမည့်နည်းလမ်းများ၊ မုန်တိုင်းဖြစ်ပေါ်နေစဥ်လိုက်နာရမည့်အချက်များဖြစ်သည့် နေအိမ်တွင်းမှအိမ်ပြင်မထွက်ရန်၊ သစ်ပင်သစ်ကိုင်းများကျိုးကျခြင်းနှင့် လျှပ်စစ်ဓာတ်အားလိုင်းကြိုးများ ပြုတ်ကျခြင်း၊ ဓာတ်တိုင်များကျိုးကျတတ်ခြင်းများဖြစ်ပေါ်တတ်သဖြင့် လိုက်နာဆောင်ရွက်ကြရန်စသည့် ရှောင်ရှားသင့်သည့်အချက်များ၊ သောက်ရေများအခက်အခဲမရှိစေရန် ၅ ဂါလံကော်ပုံးများဖြင့် သောက်ရေများသို့ လှောင်ရန်နှင့် အဆိုပါပုံးများကိုသက်ကယ်ဘောအဖြစ် အသုံးပြုပုံများလက်တွေ့ သရုပ်ပြသပေးခြင်းကို ယမန်နေ့ညနေပိုင်းက ဆောင်ရွက်ကြောင်း သိရသည်။
မြို့နယ်မီးသတ်ဦးစီးဌာနသည် မြို့နယ်အတွင်း ရပ်ကွက်များတွင်လည်း မုန်တိုင်းဘေး အန္တရာယ်ဆိုင်ရာ အသိပညာပေးလက်တွေ့ သရုပ်ပြခြင်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များနှင့် ပူးပေါင်းကာအရှိန်အဟုန်ဖြင့်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
သန်းသန်းအေး