မြောက်ဥက္ကလာပမြို့နယ် မီးသတ်ဦးစီးဌာနမှ သဘာဝဘေးအန္တရာယ်ကျရောက်လာပါက ကူညီကယ်ဆယ်နိုင်ရေးအတွက် ဇာတ်တိုက်​လေ့ကျင့် ​ဆောင်ရွက်

​မြောက်ဥက္ကလာပ မေ ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ ​မြောက်ဥက္ကလာပမြို့နယ်၌ သဘာဝဘေးအန္တရာယ်ကျရောက်လာပါက မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် အချိန်နှင့်တစ်ပြေးညီ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်​ရေးအတွက် ဇာတ်တိုက်​လေ့ကျင့်ခြင်းကို ယမန်​နေ့ ည​နေ ၄:၃၀ နာရီက ​ဆောင်ရွက်ခဲ့သည်။

ထိုသို့​ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက မိုးကြိုကာလရောက်ရှိလာပြီး မုန်တိုင်းအန္တရာယ် ကျရောက်လာမည်ဖြစ်၍ မြို့နယ်အတွင်း သဘာဝဘေးကြောင့် လူ၊ တိရစ္ဆာန်နှင့် အဆောက်အဦများ ထိခိုက်ပျက်စီးမှုများရှိလာနိုင်ခြင်း၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ပြည်သူအများ ထိခိုက်ဆုံးရှုံးမှုမရှိစေရေး၊ ဘေးလွတ်ရာသို့ ပြောင်းရွှေ့နိုင်ရေး အသိပညာပေးခြင်းနှင့် စုရပ်များ ကြိုတင်ပြင်ဆင်ဆောင်ရွက်ကြရန်၊ သဘာဝဘေးအန္တရာယ်ကျရောက်လာပါက အချိန်နှင့်တစ်ပြေးညီ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် မြို့နယ်မီးသတ်ဦးစီးဌာနရုံးမှ မီးသတ်တပ်ဖွဲ့ဝင်များအား အသင်းစုဖွဲ့ပြီး ကယ်ဆယ်ရေးလေ့ကျင့်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ ရှာဖွေကယ်ဆယ်ရေးအတွက်လိုအပ်မည့် ပစ္စည်းကိရိယာများဖြစ်သော ရှာဖွေရေးလုပ်ငန်းသုံးအသက်ကယ်အင်္ကျီ၊ အသက်ကယ်ဘောကွင်း၊ အသက်ကယ်ကြိုးများ အစရှိသည်များဖြင့် အသင့်ကြိုတင် စီစဉ်ဆောင်ရွက်ထားရှိကြောင်း သိရသည်။

မြမြဝင်း(ပြန်/ဆက်)