မြစ်ကြီးနား မေ ၁၀
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ အိမ်တွင်းမှုသက်မွေး လုပ်ငန်းပညာသင်ကျောင်းနှင့် ကချင်ပြည်နယ်စာကြည့်တိုက်များ ဖောင်ဒေးရှင်းတို့တို့ ပူးပေါင်းဖွင့်လှစ်သည့် အခြေခံကွန်ပျူတာ သင်တန်း၊ အခြေခံစက်ချုပ် သင်တန်းနှင့် အခမ်းအနားမှူး သင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲက မြစ်ကြီးနားမြို့ လူထုအခြေပြုဗဟိုဌာန (Community Center) ဘက်စုံးသုံးခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်းက သင်တန်းဖွင့် အမှာစကားပြောကြားပြီး ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးလှဌေးက သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်များအား ရှင်းလင်း ပြောကြားသည်။
အဆိုပါ အခြေခံကွန်ပျူတာသင်တန်းတွင် သင်တန်းသား/သင်တန်းသူ (၂၀) ဦးတို့အား Microsoft office word , Excel, Power Point, Painting အသုံးပြုနည်းများကိုလည်းကောင်း၊ အခြေခံစက်ချုပ် သင်တန်းတွင် သင်တန်းသား/သင်တန်းသူ (၂၄)ဦးတို့အား အခြေခံလက်ချုပ်နည်း၊ အခြေခံစက်ချုပ် နည်း၊ ကလေးဝတ်ဘောင်းဘီ (အတို၊ အရှည်)၊ သင်္ဘောသားအင်္ကျီ၊ လုံချည် (စုံဒေါက်၊ ပတ်လည်ဒေါက်)၊ ဘလောက်အင်္ကျီ (ရင်စေ့၊ ရင်ဖုံး)၊ သုံးလွှာ၊ လေးလွှာ ချုပ်နည်းများကို စာတွေ့လက်တွေ့ဖြင့် လည်းကောင်း၊ အခမ်းအနားမှူး သင်တန်းတွင် သင်တန်းသူ (၂၆) ဦးတို့အား အခမ်းအနားမှူး တစ်ဦးတွင် ရှိရမည့် အရည်အချင်းများ၊ အခမ်း အနားမှူးအဖြစ် ဆောင်ရွက်ရန် ကြိုတင်ပြင်ဆင်ရမည့် အချက်များ၊ အခမ်းအနားမှူးတစ်ဦး ဆောင်ရန်/ရှောင်ရန်အချက်များ၊ ဝတ်စားဆင်ယင်မှု၊ အသံအနေ အထားများအကြောင်းနှင့် အခမ်းအနားမှူး တာဝန်ကို အောင်မြင်စွာ ဆောင်ရွက်နိုင်ရန် နည်းလမ်း များကို စာတွေ့လက်တွေ့ဖြင့်လည်းကောင်း သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)