ခေတ်အဆက်ဆက် ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းထားသော ငါ့သရောက်မြို့က စက်စက်ယိုကျေးရွာ

ညောင်ဦး ‌မေ ၁၀

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ငါ့သရောက်မြို့ စက်စက်ယိုကျေးရွာလေးသည် ငါ့သရောက်မြို့တောင်ဘက် ငါးမိုင်ခန့်အကွာတွင်တည်ရှိပြီး ညောင်ဦး-ပုပ္ပား ဗျတ္တပန်းဆက်လမ်းမကြီး၏ မြောက်ဘက် ဂျမ်းလှီးရွာမှသွား၍လည်းရကာ ခေတ်အဆက်ဆက်ထားရှိခဲ့သော မြန်မာ့ဆံကေသာ ပုံစံအမျိုးမျိုးကို ယနေ့အချိန်ထိ ထိန်းသိမ်းထားသည့် ကျေးရွာတစ်ရွာဖြစ်ကြောင်း ငါ့သရောက်မြို့ မြို့အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဝင်းကပြောကြား၍ သိရသည်။

ညောင်ဦးမြို့နယ် ငါ့သရောက်မြို့ စက်စက်ယိုကျေးရွာရှိ လူငယ်လူရွယ်များသည် မြန်မာ့ရိုးရာယဉ်ကျေးမှုကို မြတ်နိုးတန်ဖိုးထားကာ ခေတ်အဆက်ဆက် ထားလာခဲ့သော မြန်မာ့ဆံကေသာ နာမည်များဖြစ်သည့် သျှောင်ပေစူးခေါ်ဆံရစ်ဝိုင်းဆံကေသာထားရှိခြင်း၊ ဦးစွန်းဘုတ်ကေ ခေါ် ခွက်မောက်ဆံကေသာ၊ ကြက်တောင်စည်းထားရှိခြင်းများသည် စက်စက်ယိုကျေးရွာရှိ ရွာသူရွာသားတို့၏ ခေတ်အဆက်ဆက် ကျေးလက်ယဉ်ကျေးမှု စရိုက်တို့အား ထိန်းသိမ်းထားရှိခြင်းပင်ဖြစ်ကြောင်း သိရသည်။ စက်စက်ယိုကျေးရွာရှိ လူကြီး၊ လူငယ်၊ လူလတ်များသည် သျှောင်ပေစူး၊ ဦးစွန်းဘုတ်၊ ကြက်တောင်စည်းထားခြင်းများသည် အစဉ်အလာဖြစ်နေပြီး အဘိုး/ဘွားများလည်း သျှောင်ကြီးဗွေထားရှိသေးကြောင်း စက်စက်ယိုကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်နိုင်က ရှင်းပြသည်။

ကျွန်တော်တို့ရွာကို ရှေးဟောင်းရွာတစ်ရွာလိုထင်နေကြတာ၊ ကိုဗစ်-၁၉ရောဂါ မဖြစ်ခင်အချိန်က ပြည်ပဧည့်သည်များနှင့် ပြည်တွင်းဧည့်သည်များ အမြဲလာရောက်လေ့ရှိသည့် ကျေးရွာဖြစ်ကြောင်း၊ ဗွီဒီယိုဇာတ်လမ်းတွေလာရိုက်ကြ၊ ပြည်တွင်းပြည်ပဓာတ်ပုံ ဆရာများအမြဲလာရောက်ရိုက်ကူးကြသည့် ကျေးရွာဖြစ်ကာ၊ လောကီ၊ လောကုတ္တရာဘက်တွင်လည်းလည်းကောင်း၊ ခေတ်ပညာတတ်များလည်း ရှိလာကြသည်။ စက်စက်ယိုကျေးရွာလေးတွင် တချိန်ကရေအလွန်ရှားပါးသည့်ကျေးရွာဖြစ်သော်လည်း ယခုအခါ စက်ရေတွင်းတူးဖော်ကာ ရေစင်တည်ဆောက်ပြီး အိမ်တိုင်းအိမ်တိုင်း အိမ်ပေါက်စေ့အရောက် ရေငုတ်များတပ်ဆင်သုံးစွဲနေခြင်း၊ ကျန်းမာရေးဆေးပေးခန်းနှင့် ကျေးလက်စာကြည့်တိုက်များတည်ရှိနေကြောင်း၊ ရုပ်ဝတ္တုများမည်မျှပင်ပြောင်းလဲသော်လည်း စက်စက်ယိုကျေးရွာရှိ ကျောင်းသား/သူလေးများ၊ ကာလသားပေါက်စများ ခေတ်အဆက်ဆက်ဆံကေသာများ ထိန်းသိမ်းထားသည်မှာ ယနေ့အချိန်ထိပင် ဖြစ်ကြောင်း သိရသည်။

ငါ့သရောက်မြို့ ခက်လန်းကန်ကျေးရွာ၊ တောင်တောကျေးရွာ၊ ဖလန်ကန်ကျေးရွာတို့တွင်လည်း စက်စက်ယိုကျေးရွာကဲ့သို့ သျှောင်ပေစူး၊ ဦးစွန်းဘုတ်၊ သျှောင်ကြီးဗွေဆံကေသာများ ထားရှိသေးကြောင်း သိရသည်။

ဒီပါလင်း