ဂွ မေ ၁၀
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် သဘာဝဘေးအန္တရာယ် ကျရောက်လာပါက အချိန်နှင့်တပြေးညီ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် မုန်တိုင်းဘေးအန္တရာယ်သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်မှုကို ယမန်နေ့ ညနေပိုင်းက မြို့မရပ်ကွက်ရှိ ကမ်းခြေဦးနှင့် ရဟိုင်ကူးတို့ ကျေးရွာတို့တွင် ကျင်းပပြုလုပ်ခဲ့သည်။
ထိုသို့ မုန်တိုင်းဘေးအန္တရာယ် သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်မှု ပြုလုပ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးဇာနည်ကျော်က ပြည်သူလူထုများအား မုန်တိုင်းဘေးအန္တရာယ် သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်မှုနှင့် ကြိုတင်ကာကွယ် ဆောင်ရွက်ထားရှိရေးဆိုင်ရာများကို အသိပညာပေးရှင်းလင်း ပြောကြားသည်။ ဆက်လက်၍ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမျိုးမင်းထွန်းက မိုးလေဝသနှင်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားရှိသည့် လေဖိအားနည်းရပ်ဝန်းမှ အားကောင်းသော ဆိုင်ကလုန်းမုန်းတိုင်းအဖြစ် ရောက်ရှိနိုင်သည့် အခြေအနေများနှင့် ကြိုတင်ပြင်ဆင် စုဆောင်းထားရှိရမည့်အချက်များ၊ မုန်တိုင်းဘေးအန္တရာယ် သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်မှု ဆောင်ရွက်မည့် အစီအမံများကို အသေးစိတ်ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ပြည်သူများအား အသိပေးနှိုးဆော်မှုများပြုလုပ်ပြီး ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်စေကာ အနီရောင်အဆင့် ပြောင်းလဲရောက်ရှိလာပြီဖြစ်သဖြင့် ဘေးလွတ်ရာကယ်ဆယ်ရေးစခန်း စုရပ်များသို့ ပြောင်းရွေ့ပေးနေမှုများအားလည်းကောင်း၊ ဘေးအန္တရာယ်များကြုံတွေ့ပါက ရှာဖွေကယ်ဆယ်ရေး အစီအမံများကိုလည်းကောင်း သရုပ်ပြဇာတ်တိုက်လေ့ကျင့်မှုများကို ဆောင်ရွက်ခဲ့ကြသည်။
ဆက်လက်၍ မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ မြို့နယ်မီးသတ်တပ်ဖွဲ့ မြို့နယ်ဦးစီးမှူး ဦးဆောင်သည့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးဆောင်သည့်တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ မုန်တိုင်းမကျရောက်မီ စာနပ်ရိက္ခာများ၊ အရေးကြီး စာရွက်စာတမ်းများ၊ အိုးအိမ်နှင့်ငါးဖမ်းပိုက်လှေများ ထိခိုက်ပျက်စီးဆုံးရှုံးမှုမရှိစေရေးအတွက် ကြိုတင်ထိန်းသိမ်းဆောင်ရွက်ရမည့် နည်းလမ်းများနှင့် မုန်တိုင်းအပြီး မြေပြင်၊ ရေပြင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်မှုတို့ကို လက်တွေ့သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ မုန်တိုင်းဘေးအန္တရာယ်သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်မှုများကို မြို့နယ်သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်