သထုံမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး Talk Show ပြုလုပ်

သထုံ     မေ      ၁၀

မွန်ပြည်နယ်၊ သထုံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့ပူးပေါင်းကာ ယမန်နေ့ မွန်းလွဲပိုင်းက သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ Talk Show အစီအစဉ် ကျင်းပ ပြုလုပ်သည်။

ဆွေးနွေးပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှဌေးက Talk Show အစီအစဉ် ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြီး ‌ခရိုင်မီးသတ်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဦးအောင်ကြင်ထွန်းက သထုံခရိုင်အတွင်း သဘာဝဘေးအန္တရာယ်အရေးပေါ်တုံ့ပြန်နိုင်ရေးအတွက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု လုပ်ငန်းကော်မတီ ဖွဲ့စည်းထားရှိမှုအခြေအနေ၊ မီးသတ်ဦးစီးဌာနမှ အဓိကတာဝန်ယူဆောင်ရွက်နေသည့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းကော်မတီ ဖွဲ့စည်းထားရှိမှုနှင့် လုပ်ငန်းတာဝန်များ၊ သဘာဝဘေးအန္တရာယ် ကျရောက်လာပါက မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် အချိန်နှင့်တစ်ပြေးညီ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် သန္ဓေနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကယ်ဆယ်ရေးအဖွဲ့များ၊ ရပ်/ကျေးအုပ်ချုပ်ရေးအဖွဲ့များတို့ဖြင့် အသင့်စုဖွဲ့ခြင်းနှင့် လိုအပ်မည့်ပစ္စည်းကိရိယာများကို ကြိုတင်စီစဥ်ဆောင်ရွက်ထားရှိမှုအခြေအနေ၊ ဒေသအလိုက်ရှာဖွေရေးနှင့် ကယ်ဆယ်ရေးအဖွဲ့များဖွဲ့စည်းလေ့ကျင့်ပေးမှု၊ ဒေသတွင်း သဘာဝဘေးကြိုတင်ကာကွယ်ရေးအတွက် မီးသတ်ဦးစီးဌာနအနေဖြင့် အခြားမိတ်ဖက်အဖွဲ့အစည်းများနှင့်ပူးပေါင်းကာ နှိုးဆော်ခြင်း၊ အသိပညာပေးခြင်းနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများစသည်တို့ကို ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

သထုံခရိုင်ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ယခုကဲ့သို့ အသိပညာပေးဆွေးနွေးပွဲ Talk Show အစီအစဉ်များရိုက်ကူးထုတ်လွှင့်ခြင်းအပါအဝင် ပြည်သူအသိပညာပေးဝန်ဆောင်မှုလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိပြီး Talk Show အစီအစဉ်များကို ပြည်သူများအကျိုးရှိစေမည့် သတ်မှတ် ခေါင်းစဉ်အလိုက် ရိုက်ကူးထုတ်လွှင့်ခြင်းအား လူထုအခြေပြုဗဟိုဌာနခန်းမ၌ လစဉ်ပုံမှန်ပြုလုပ်‌လျက်ရှိကြောင်း သိရသည်။         

နဒီ(ပြန်/ဆက်)