ဝမ်းတွင်း မေ ၁၀
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ် Community Centre ခန်းမတွင် နွေရာသီ ကျောင်းပိတ်ရက်ကာလများအတွင်း ကျောင်းသား/ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရန် ရည်ရွယ်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပ၍ အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မူမြစောက လူထုအခြေပြု ဗဟိုဌာနတွင် နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း ကျောင်းသားကျောင်းသူများ ၊ အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် အသိပညာ အတတ်ပညာများ တိုးပွားရရှိစေရန် ရည်ရွယ်၍ အင်္ဂလိပ်စာစွမ်းရည် ပြိုင်ပွဲကို ကျင်းပပြုလုပ်ပေးရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပေးခဲ့သည်။
ပြိုင်ပွဲတွင် နွေရာသီအင်္ဂလိပ်စာသင်တန်း၌ သင်ကြားခဲ့သော အခြေခံပညာအလယ်တန်းအဆင့် အခြေခံအင်္ဂလိပ်စာ Grammar သင်ရိုးထဲမှ သင်ခန်းစာများကို ယှဉ်ပြိုင်စေခဲ့ပြီး ဝမ်းတွင်းမြို့နယ် အတွင်းရှိ အခြေခံပညာအလယ်တန်းအဆင့် ကျောင်းသား/ကျောင်းသူ (၂၀) ဦးက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ ဆက်လက်ပြီး ပြိုင်ပွဲတွင် ထူးချွန်ဆုရရှိသော ကျောင်းသားကျောင်းသူများကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မူမြစော၊ အထက(သဲတော)မှ ဆရာဦးအေးကြူနှင့် တာဝန်ရှိသူများက ဆုများချီးမြှင့်ပေးခဲ့သည်။ အဆိုပါပြိုင်ပွဲသို့ ပညာရေးဌာနမှ ဆရာ/ဆရာမများ၊ ကျောင်းသားမိဘများ၊ ပြိုင်ပွဲဝင်ကျောင်းသား ကျောင်းသူများ တက်ရောက်ခဲ့ကြောင်းသိရသည်။
မြို့နယ်ပြန်/ဆက်