ရသေ့တောင် မေ ၁၀
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်၌ မုန်တိုင်းအန္တရာယ် အသိပေးနှိုးဆော်ခြင်းကို ယနေ့ နံနက် ၈ နာရီ ၃၀ မိနစ်အချိန်က မြို့ပေါ်ရပ်ကွက်များအတွင်း လှည့်လည်နှိုးဆော်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးဌာန၊ မြို့နယ်မီးသတဦးစီးဌာနနှင့် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးအဖွဲ့တို ့ပူးပေါင်းပါဝင်သော အဖွဲ့က မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည့် မုန်တိုင်းငယ်သတိပေးချက် (၀၂/၂၀၂၃)အရ ယနေ့မြန်မာစံတော်ချိန် (၀၅:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ် (Depression)သည် အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး ဆက်လက်တည်ရှိနေပါသည်။ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့ (CocoIsland)၏တောင်-အနောက်တောင်ဘက် ရေမိုင်(၄၁၀)မိုင်ခန့်၊ ဟိုင်းကြီးကျွန်းမြို့၏ တောင်-အနောက်တောင်ဘက် ရေမိုင်(၅၃၀)မိုင်ခန့်၊ စစ်တွေမြို့(Sittwe)၏ တောင်-အနောက်တောင်ဘက် ရေမိုင်(၇၁၀)မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ နီကိုးဘားကျွန်း(Nicobar Islands)၏အနောက်-အနောက်မြောက်ဘက် ရေမိုင်(၃၁၀)မိုင်ခန့်၊ ပို့ပလဲယား(Port Blair) ၏အနောက်တောင်ဘက် ရေမိုင်(၂၈၀)မိုင်ခန့်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇား မြို့(Cox’s Bazar)၏ တောင်-အနောက်တောင်ဘက် ရေမိုင်(၇၇၀)မိုင်ခန့် အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။
(၂) မုန်တိုင်းငယ်(Depression)၏ လက်ရှိအခြေအနေမှာ ဘင်္ဂလားဒေ့ရှ်-မြန်မာ ကမ်းရိုးတန်းသို့ ဦးတည်ရွေ့လျားနိုင်သည့် အခြေအနေရှိပါသဖြင့် လိမ္မော်ရောင် အဆင့်ဟု သတ်မှတ်သည့် အတွက် ရပ်ကွက်/ကျေးရွာများအတွင်းရှိ မိဘပြည်သူများအနေဖြင့် ၁၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ ရေလမ်းခရီးသွားလားခြင်း၊ ရုတ်တရက် လေပြင်းတိုက်ခတ်ခြင်း၊ မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ မြေပြိုခြင်းနှင့် ချောင်းငယ်မြစ်ငယ်များ အနီးတွင်နေထိုင်ကြသော ပြည်သူများ၊သက်ကြီးရွယ်အို ဘိုးဘွားများနှင့် နာမကျန်းဖြစ်နေသည့် ဘိုးဘွားများ အနေဖြင့် နီးစပ်ရာ ဘုန်းတော်ကြီးကျောင်း၊ စာသင်ကျောင်းများသို့ ကြိုတင်ပြောင်း ရွှေ့ပေးကြပါရန်နှင့် မိမိတို့၏ နေအိမ်များ ကြံ့ခိုင်မှု ရှိစေရေး ကြိုတင်ပြင်ဆင်ထားကြရန်၊ ရိက္ခာခြောက်များ စုဆောင်းထားကြရန် အသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။
ရသေ့တောင်မြို့နယ်တွင် မုန်တိုင်းဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် အများပြည်သူသွားလာရာလမ်းများ၊ ဘုတ်ဆိပ်၊ သင်္ဘောဆိပ်နှင့် လမ်းဆုံ/လမ်းခွများသို့ သွားရောက်ပြီး အများပြည်သူများအနေဖြင့် မုန်တိုင်းအန္တရာယ် အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရသေ့တောင် (ပြန်/ဆက်)