မူဆယ်ခရိုင်၌ ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများအသီးသီးထုတ်ပြန်ပြီး တာဝန်ရှိသူများက မဲစာရင်း ကပ်ထားမှု အခြေအနေများကို လိုက်လံကြည့်ရှု

 

မူဆယ်  အောက်တိုဘာ ၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၌ (၂၀၂၀)ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ပြုလုပ်ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီအထွေအထွေရွေးကောက်ပွဲတွင် ပြည်သူတိုင်းဆန္ဒမဲပေးနိုင်ရန်အတွက် အောက်တိုဘာလ (၁)ရက်နေ့က ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများအသီးသီးထုတ်ပြန်ထားသည့် မဲစာရင်းကပ်ထားမှု အခြေ အနေ များကို တာဝန်ရှိသူများက လိုက်လံကြည့်ရှုခဲ့ကြောင်းသိရသည်။

မူဆယ်

မူဆယ်ခရိုင်၊ မူဆယ်မြို့၌ ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများကို အောက်တိုဘာလ(၁)ရက်နေ့ ထုတ်ပြန် ထားပြီး ရပ်ကွက်/ကျေးရွာအသီးသီးရှိ မဲရုံများ၌ ကပ်ထားမှုအခြေအနေများနှင့် ပြည်သူများ လာရောက် ကြည့်ရှုမှု အခြေအနေများကို မူဆယ်မြို့၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့နှင့် ဌာနဆိုင် ရာတာဝန်ရှိ သူများက လိုက်လံ ကြည့်ရှုသည်။

မူဆယ်မြို့၌ လွှတ်တော်ကိုယ်စားလှယ်လောင်း စုစုပေါင်း(၃၆)ဦးဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး မဲရုံပေါင်း (၁၀၂)ရုံနှင့် မဲဆန္ဒရှင်စာရင်းစုစုပေါင်း(၁)သိန်းကျော်ရှိကြောင်းသိရသည်။

နမ့်ခမ်း

မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့၌ သက်ဆိုင်ရာရပ်ကွက်/ကျေးရွာများ၌ ဒုတိယအကြိမ်ထုတ်ပြန်ထားသည့် မဲဆန္ဒရှင် စာရင်းများ ကပ်ထားမှုအခြေအနေကို မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ့ ဥက္ကဌ ဦးထွန်းတင်နှင့် တာဝန် ရှိသူများ၊ ဌာနဆိုင်ရာများနှင့် အဖွဲ့ဝင်များကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။

 “မဲဆန္ဒရှင်စာရင်း‌တွေကို ကြေညာတဲ့အချိန်မှာ မဲဆန္ဒရှင်‌တွေက မဲစာရင်းမှာ မိမိရဲ့အမည်ပါ/မပါ ကိုယ်တိုင် လာရောက်ကြည့်ရှု စစ်ဆေးဖို့လိုအပ်တယ်၊ မဲစာရင်းမှာ မပါဝင်သင့်သူတွေ ပါဝင်နေတာတွေ ၊ မဲဆန္ဒ ရှင် စာရင်းမှာ အချက်အလက်တွေ မှားယွင်းနေတာတွေရှိရင် သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံး‌တွေမှာ ပြန်လည်ပြီးဖြည့်စွတ်၊ ပယ်ဖျက်၊ ပြင်ဆင်ပေးသွားမယ်"ဟု ဦးထွန်းတင် က ရှင်းပြသည်။

နမ့်ခမ်းမြို့နယ်တွင် နောက်ဆုံးအကြိမ် ကပ်ထားကြေညာထားသည့် မဲဆန္ဒရှင်စာရင်းအရ အသက်(၁၈)နှစ် ပြည့်ပြီး မဲပေးပိုင်ခွင့်ရှိသူ (၈၅၃၇၇) ဦးရှိပြီး လျာထားမဲရုံ (၁၁၅)ရုံရှိကြောင်း သိရသည်။

ပန်ဆိုင်း(ကြူကုတ်)

ပန်ဆိုင်း(ကြူကုတ်)မြို့၌ (၂၀၂၀)ပြည့်နှစ် ၊ ပါတီစုံဒီမို ကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရပ်ကွက်/ကျေးရွာများရှိ မဲဆန္ဒရှင်များ၏ မဲစာရင်းများဒုတိယအကြိမ် ကပ်ထား ကြေညာ ထားရှိမှုအခြေအနေများကို မြို့အုပ်ချုပ်ရေးမှူးဦးမင်းဇာနည်နှင့် မြို့ကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။

ကွင်းဆင်းစစ်ဆေးရာ၌ မဲဆန္ဒနယ်မြေများတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်များ၏ မဲစာရင်းများကို ဒုတိယအကြိမ်ကပ်ထားကြေညာထားရှိမှုအခြေအနေ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များအတိုင်း လိုက်နာ ဆောင်ရွက်ရန် ၊ အထွေထွေရွေးကောက်ပွဲနှင့် ပတ်သက်ပြီးပြည်သူများ အကျယ်တဝင့်သိရှိနိုင်စေရန်အတွက် သတ်မှတ်ချက်အတိုင်း လိုက်လံနှိုးဆော်ပေးရန် မှာကြားခဲ့ကြောင်းသိရသည်။

ပန်ဆိုင်း(ကြူကုတ်)မြို့နယ်အတွင်း၌ မဲရုံပေါင်း(၁၆)ရုံရှိပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူစုစုပေါင်း(၁၈၈၂၃)ဦးရှိ ကြောင်း သိရသည်။

မုံးကိုး

အလားတူ မူဆယ်ခရိုင်၊ မုံးကိုးမြို့၌ ဒုတိယအကြိမ် မဲစားရင်းများထုတ်ပြန်ကြေညာခြင်းကို သတ်မှတ် ထားသည့် ရပ်ကွက်/ကျေးရွာအုပ်စုအသီးသီး၌ ကပ်ထားမှုအပေါ် မြို့အုပ်ချုပ်ရေးမှူးဦးမျိုးလွင်နှင့် တာဝန်ရှိ သူများက ကြည့်ရှုစစ်ဆေးသည်။

ဒုတိယအကြိမ်ထုတ်ပြန်ကြေညာကပ်ထားမှုကို လာရောက်ကြည့်ရှုသူများပြားတယ်၊ မဲစာရင်းမှာ အမည် မပါသေးတဲ့ သူတွေကလည်း ပုံစံ(၃)နဲ့ လာရောက်ထားသူ(၁၀၀)ဦးခန့်ရှိပြီလို့ မြို့ကော်မရှင် အတွင်းရေးမှူး ဦးလဂျာက ပြောကြားသည်။ မုံးကိုးမြို့၌ မဲရုံစုစုပေါင်း(၃၁)ရုံရှိပြီး မဲဆန္ဒရှင်ဦးရေ(၁)သောင်းခွဲကျော် ရှိကြောင်းသိရသည်။

တာမိုးညဲ

မူဆယ်ခရိုင်၊ တာမိုးညဲမြို့၌ မဲဆန္ဒရှင်စာရင်းများ နောက်ဆုံးအကြိမ်အဖြစ် သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာ ရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အသီးသီး ထုတ်ပြန် ကြေညာထားပြီး မဲဆန္ဒရှင်စာရင်းများ၌ အချက်အလက်မှားယွင်းခြင်း၊  မိမိနာမည်မပါဝင်ခြင်း၊ မပါဝင် သင့်သူများကို ပါဝင်ခြင်းတို့ကို လာရောက်လျှောက်ထားသူများရှိပါက ပြည်လည် စိစစ်ဆောင်ရွက်ပေး သွားမည်ဟု မြို့ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဉက္ကဌဦးထွန်းနိုင်က ပြောကြားသည်။

ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းထုတ်ပြန်ကြေညာထားခြင်းကို ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေး လမ်းညွှန် ချက်များနှင့်အညီ ပြည်သူများအနေဖြင့် လာရောက်ကြည့်ရှုကြရန်အတွက် အသိပေး နှိုးဆော်ခြင်း တို့ကိုလည်း မြို့ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲက ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

မိဘပြည်သူများအနေဖြင့် ကိုဗစ်-၁၉ရောဂါဖြစ်ပွားသည့်ကာလ၌ မဲဆန္ဒရှင်စာများကို လာရောက်ကြည့်ရှုရန် အခက်အခဲရှိပါက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ အွန်လိုင်းမှတစ်ဆင့်  လမ်းညွှန် ထုတ်ပြန် ထားသည့် စာမျက်နှာများတွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်းသိရသည်။

ဆလိုင်းဗန်ရိုးထန်(ပြန်/ဆက်)