စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် စာဖတ်ဝိုင်း ပြုလုပ်

ဇေယျာသီရိ မေ ၁၀

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် ပြည်သူ့စာကြည့်တိုက်ခန်းမတွင် ရုံးလုပ်ငန်းလက်စွဲစာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့မွန်းလွဲပိုင်းက ပြုလုပ်ခဲ့သည်။

အဆိုပါ စာဖတ်ဝိုင်းတွင် ဇေယျာသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နွယ်နွယ်အောင်က မိမိရုံးရှိ ဝန်ထမ်းများ စာဖတ်စွမ်းရည် မြင့်မားလာစေရန်၊ စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ ရုံးလုပ်ငန်းများကို သိရှိ နားလည်ပြီး ရည်မှန်းချက်တာဝန်များကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ စာဖတ်ဝိုင်း ဆောင်ရွက်ရခြင်း ဖြစ်ပါကြောင်း၊ ရုံးလုပ်ငန်းဆိုသည်မှာ ရုံး၊ ဌာန၊ အဖွဲ့အစည်း၏ နေ့စဉ်လုပ်ငန်း ဆောင်တာများကို စနစ်တကျ ပြီးမြောက်စေရန် စီမံခန့်ခွဲခြင်းဖြစ်ပါကြောင်း၊ အဖွဲ့အစည်းတစ်ခုတွင် ရုံးလုပ်ငန်းကို စနစ်တကျဆောင်ရွက်နိုင်မှသာ ယင်းတို့အား ပေးအပ်ထားသည့် ရည်မှန်းချက်တာဝန်များကို ပြီးမြောက်အောင်မြင်စွာ ထမ်းဆောင်နိုင်မည်ဖြစ်ပါကြောင်း၊ ရုံးလုပ်ငန်းသည် ရုံး/ ဌာန/ အဖွဲ့အစည်း၏ ပင်မလုပ်ငန်းများကို အထောက်အကူပြုသည့် လုပ်ငန်းဖြစ်ပါကြောင်း ဦးဆောင်ဆွေးနွေးခဲ့ပြီး ကျန်ဝန်ထမ်းများက အခန်း ၁၄ ပါ လုပ်ငန်းစီမံချက်ရေးသားနည်း၊ လုပ်ငန်းစီမံချက်တွင် ပါဝင်ရမည့် အချက်များ၊ အသေးစိတ်စီမံချက်နှင့် အခန်း ၁၅ ပါ ရုံးလုပ်ငန်းများ စစ်ဆေးခြင်း၊ ရုံးလုပ်ငန်းများ စစ်ဆေးရာတွင် အခြေခံရမည့် အချက်များ၊ စစ်ဆေးချက်မှတ်တမ်းထားရှိခြင်း  အကြောင်းအရာများကို အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထွန်းလင်း(ဇေယျာမြေ)