ရန်ကုန် မေ ၁၀
မုန်တိုင်းအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးများ များပြားခြမရှိစေရန် ကြိုတင်ပြင်ဆင်နိုင်ရေးအတွက် ကုန်သည်စက်မှုအသင်းချုပ်ဥက္ကဋ္ဌ ဦးအေးဝင်းနှင့် ညီနောင်အသင်းအဖွဲ့များ၊ စက်မှုဇုန်များမှတာဝန်ရှိသူများနှင့် ယမန်နေ့တွင် Virtual Meeting မှတစ်ဆင့် ဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးပွဲတွင် ကုန်သည်စက်မှုအသင်းချုပ်ဥက္ကဋ္ဌ ဦးအေးဝင်းက မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန၏ မုန်တိုင်းခန့်မှန်းချက်အရ မြန်မာနိုင်ငံသို့ မုန်တိုင်းဝင်ရောက်မှု အလားအလာရှိသည့်အတွက် အသင်းချုပ်မှ သက်ဆိုင်ရာညီနောင်အသင်းများနှင့် စက်မှုဇုန်များကို ယခုလို အသိပေးအကြောင်းကြားခြင်းဖြစ်ပါကြောင်း၊ မုန်တိုင်းဝင်ရောက် လာပါက အထူးသဖြင့်စိုက်ပျိုးရေးထွက်ကုန်များ၊ ကောက်ပဲသီးနှံများ ပျက်စီးဆုံးရှုံးမှု များပြားခြင်းမရှိစေရန်၊ အခြေခံစားသောက်ကုန်များ ဈေးကွက်အတွင်း မပြတ်လပ်စေရန် တို့အတွက် ကြိုတင်အစီအမံများ ပြင်ဆင်ဆောင်ရွက်ထားရှိစေလိုကြောင်း၊ မုန်တိုင်းဝင်ရောက် တိုက်ခတ်ပါက သိုလှောင်ရုံများတွင် သိမ်းဆည်းထားသော ကောက်ပဲသီးနှံများ၊ စားသောက်ကုန် များ၊ ဆေးဝါးများကို စနစ်တကျသိမ်းဆည်း၍ ကြိုတင်ပြင်ဆင်ထားရှိ စေလိုကြောင်း၊ Supply Chain တစ်ခုလုံးတွင်ပါဝင်သော သယ်ယူပို့ဆောင်ရေးအဆင်ပြေမှုရှိစေရန်၊ ဈေးကွက်အတွင်း ပစ္စည်းပြတ်လပ်မှု မရှိစေရန်၊ ဈေးနှုန်းတည်ငြိမ်စေရန်နှင့် ဈေးကွက်ကစားခြင်းများ မပြုလုပ်စေရန်တို့ကို အသင်းချုပ်နှင့်ညီနောင်အသင်းများမှ ညှိနှိုင်းဆောင်ရွက်သွားကြမည် ဖြစ်ပါကြောင်း၊ ညီနောင် အသင်းအဖွဲ့များသာမက စက်မှုဇုန်များပါ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးစေလိုကြောင်း၊ သတင်းအချက်အလက်များကိုလည်း အပြန်အလှန် ပေးပို့စေလိုကြောင်း ပြောကြားခဲ့သည်။
အစည်းအဝေးတွင် တက်ရောက်လာသည့် ညီနောင်အသင်းအဖွဲ့များ၊ စက်မှုဇုန်များမှဥက္ကဋ္ဌများမှ တာဝန်ရှိသူများက မုန်တိုင်းကြောင့် ရေပြတ်လပ်မှုမရှိစေရေး၊ ဆန်အပါအဝင် စားနပ်ရိက္ခာ ဖူလုံမှုရှိစေရေး၊ စက်ရုံများတွင် လျှပ်စစ်မီးပြတ်တောက်ခဲ့ပါက အရန်ဒီဇယ် အလုံအလောက်ရှိနိုင်ရေး၊ မီးသတ်၊ Volunteer များ အဆင်သင့်ပြင်ဆင်ထားနိုင်ရေး၊ အမိုးအကာများ လုံခြုံစေရန် စနစ်တကျ ချည်နှောင်ထားရှိရေး၊ အမိုးအကာများ အလုံအလောက်ရှိစေရေး၊ ကုန်ဈေးနှုန်းတည်ငြိမ်စေရေး၊ Panic Buying မဖြစ်စေရေး၊ ဒေသဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရေး၊ သဘာဝဘေးအန္တရာယ် ဒဏ်ခံနိုင်ရေးအတွက် အဖက်ဖက်မှ ကြိုတင်ပြင်ဆင်ထားနိုင်ရေးတို့ကို ညီနောင်အသင်းအဖွဲ့များ၊ စက်မှုဇုန်များနှင့် ဆွေးနွေးခဲ့ကြသည်။
အစည်းအဝေးသို့ ကုန်သည်စက်မှုအသင်းချုပ်ဥက္ကဋ္ဌ ဦးအေးဝင်း၊ ဒုတိယဥက္ကဋ္ဌ ဦးဆန်းလင်း၊ အထွေထွေအတွင်းရေးမှူးချုပ် ဒေါ်ခိုင်ခိုင်နွယ်၊ ညီနောင်အသင်းအဖွဲ့ (၅၀) ကျော်မှ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ စက်မှုဇုန်များမှဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)