တောင်ကြီး မေ ၁၀
သဘာ၀ဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးနှင့် အရေးပေါ်တုံ့ပြန်နိုင်ရေးအတွက် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၌ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဇာတ်တိုက်လေ့ကျင့်မှုကို အဝေရာမီးပုံးပျံကွင်းတွင် ယမန်နေ့မွန်းလွဲ ၂ နာရီက ပြုလုပ်သည်။
ရှေးဦးစွာ တောင်ကြီးခရိုင်အုပ်ချုပ်ရေးမှူး ဦးတင့်လှိုင်က သဘာ၀ဘေးအန္တရာယ်ကျရောက်ပါက အရေးပေါ်စီမံခန့်ခွဲခြင်း၊ တုံ့ပြန်ခြင်း၊ ကယ်ဆယ်ရေးနှင့်ပူးပေါင်းဆောင်ရွက်ခြင်း၊ ပြန်လည်ထူထောင်ခြင်း စသည့်လုပ်ငန်းများဆောင်ရွက်နိုင်ရန်ရေးအတွက် ဖွဲ့စည်းတာဝန်ပေးအပ်ထားသည့် ကွပ်ကဲမှုနှင့်စီမံခန့်ခွဲမှုအဖွဲ့၊ လုံခြုံရေးအဖွဲ့၊ လမ်းကြောင်းရှင်းလင်းရေးအဖွဲ့၊ ရှာဖွေကယ်ဆယ်ရေးအဖွဲ့၊ ပို့ဆောင်ဆက်သွယ်ရေးအဖွဲ့၊ သတင်းနှင့်ပြန်ကြားရေးအဖွဲ့၊ ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့၊ နေရာချထားရေးနှင့်အုပ်ချုပ်ထောက်ပံ့မှုအဖွဲ့၊ ရန်ပုံငွေရှာဖွေရေးနှင့်ထိန်းသိမ်းရေးအဖွဲ့၊ ပြန်လည်ထူထောင်ရေးနှင့် တည်ဆောက်ရေးစသည့် ကော်မတီအဖွဲ့များအနေဖြင့် လုပ်ငန်းတာဝန်များအား ထိရောက်စွာဆောင်ရွက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် ပြောကြားသည်။
ထို့နောက် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းဦးစီးချုပ် ဗိုလ်မှူးကြီး အောင်ကျော်ဆန်း၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများက ကော်မတီအလိုက် ကြိုတင်စီမံဆောင်ရွက်ထားရှိမှုများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းအခမ်းအနားသို့ တိုင်းဦးစီးချုပ် ခရိုင်အုပ်ချုပ်ရေးမှူး၊ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများ၊ ပရဟိတအသင်းအဖွဲ့များ၊ နယ်မြေခံတပ်ရင်းတပ်ဖွဲ့များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဇော်နိုင်လင်း