တနိုင်း မေ ၁၀
ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်တွင် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မေလ ၇ ရက်နေ့ မွန်းလွဲ (၁) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး အစည်းဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးဇော်လင်းက အဖွင့်အမှာစကားပြောကြားရာတွင် ဘင်္ဂလားပင်လယ်အော်တွင် မေလ ၈ ရက်နေ့နှင့် ၁၃ ရက်အတွင်း ဖြစ်ပေါ်လာနိုင်သော မုန်တိုင်းနှင့် ပတ်သက်၍ သဘာဝဘေး မကျရောက်မီ ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်ထားရန် လိုအပ်ကြောင်း၊ သဘာဝဘေးကျရောက်လာပါက လုပ်ဆောင်ရမည့်အချက်များ၊ ကလေးများ၊မသန်စွမ်းသူများ၊ သက်ကြီးရွယ်အိုများကို လုံခြုံသောနေရာတွင်ထားရှိနိုင်ရေး၊ သောက်သုံးရေများ ပြတ်လပ်မှုမရှိရေးနှင့် ပတ်သက်၍ သတင်း အချက်အလက်များကို ပြည်သူတို့ အချိန်မီ ပြန်ကြားနိုင်ရန်စသည့် အကြောင်းအရာများအား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုးမှ မိမိတို့မြို့နယ်အတွင်း သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ ကော်မတီဖွဲ့စည်းထားရှိခြင်း၊ တက်ရောက်လာကြသော ဌာနဆိုင်ရာများ၊ လမ်းများတွင်ခြောက်သွေ့နေသော သစ်ပင်များ ခုတ်ထွင် ရှင်းလင်းထားရန်လိုအပ်ကြောင်း၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာလုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီ စနစ်တကျ ဆောင်ရွက်နိုင်ရေး နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ဆက်လက်ပြီး တက်ရောက်လာကြသော ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများမှ ဆွေးနွေးတင်ပြ၍ လိုအပ်သည်များအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးဇော်လင်းနှင့် အဖွဲ့ဝင်များက ပေါင်းစပ်ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ပန်းအိ(တနိုင်း)