မိတ္ထီလာ မေ ၁ဝ
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ အစိုးရနည်းပညာအထက်တန်းကျောင်း(မိတ္ထီလာ)၏ (၁/၂ဝ၂၃ ) ကာလတိုသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁ဝ နာရီ ၃ဝ မိနစ် အချိန်က အဆိုပါကျောင်းအစည်းအဝေးခန်းမတွင် ကျင်းပကြောင်း သိရသည်။
အဆိုပါ သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဇော်ဇော်ဦးက အဖွင့်အမှာစကား ပြောကြားသည်။ ဆက်လက်၍ အစိုးရနည်းပညာအထက်တန်းကျောင်း (မိတ္ထီလာ) ကျောင်းအုပ်ဒေါက်တာ ကျော့ကျော့ရီက အစိုးရနည်းပညာအထက်တန်းကျောင်းများ သမိုင်းအကျဉ်း၊ သင်တန်းများ ဖွင့်လှစ်သင်ကြားပေးမှု အခြေအနေ၊ သင်တန်းများ ဖွင့်လှစ်ပေးရခြင်း ရည်ရွယ်ချက်များနှင့် မိတ္ထီလာတွင် အသစ်ထပ်မံဖွင့်လှစ်မည့် စက်မှု၊စိုက်ပျိုးရေးနှင့် မွေးမြူရေး အထက်တန်းကျောင်း ဝင်ခွင့်လျှောက်လွှာများထုတ်ပေးနေမှု အခြေအနေများကို ပရိုဂျက်တာဖြင့် ရှင်းလင်းပြောကြားသည်။ ယခုဖွင့်လှစ်သည့် (၁/၂ဝ၂၃) ကာလတို သင်တန်းတွင် ကွန်ပျူတာ သင်တန်းနှင့် စီစီတီဗွီ ပြုပြင်တပ်ဆင်နည်းသင်တန်များကို စာတွေ့လက်တွေ့ ပို့ချမည်ဖြစ်သည်။ အဆိုပါ ကာလတို သင်တန်းကို မေလ ၉ ရက်နေ့မှ ၂၆ ရက်နေ့အထိ ဖွင့်လှစ်မည်ဖြစ်ပြီး ကွန်ပျူ တာ သင်တန်းတွင် သင်တန်းသားသင်တန်းသူ ၂၅ ဦးနှင့် စီစီတီဗွီ ပြုပြင်တပ်ဆင်နည်းသင်တန်းတွင် သင်တန်းသား သင်တန်းသူ ၂ဝ ဦး တက်ရောက်ကြောင်း သိရသည်။ အဆိုပါ သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဇော်ဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်အောင်လေးနှင့် အဖွဲ့ဝင်များ၊ ကျောင်းအုပ် ဒေါက်တာကျော့ကျော့ရီ၊ ဆရာဆရာမများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ချမ်းသာ