ဖယ်ခုံ အောက်တိုဘာ ၅
ရှမ်းပြည်နယ်(တောင်ပိုင်း) ဖယ်ခုံမြို့နယ်၊ မိုးဗြဲတွင် ရေဆိုးထုတ်မြောင်း တူးဖော်ရန်အတွက် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးအန်းဂျေလို၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဌ ဦးတင့်နိုင်နှင့် အဖွဲ့၀င် များမှ ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ရေဆိုးထုတ်မြောင်းသည် မိုးဗြဲဈေးကုန်းရပ်ကွက် လက်ယာမြောင်းမကြီးနှင့်ကပ်လျှက် တည်ရှိပြီး မိုးရာသီတွင် ရေမြောင်းပတ်၀န်းကျင်ရှိ နေအိမ်များအတွင်း ရေ၀င်၍ ရေကြီးရှေလျှံခြင်း မကြာခဏ ဖြစ်ပေါ် လျက်ရှိကြောင်း ဒေသခံများထံမှသိရှိရသည်။
ရေဆိုးထုတ်မြောင်းအား ပြန်လည်တူးဖော်ရန်အတွက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအန်းဂျေလို၊ မြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဌ ဦးတင့်နိုင်၊ အတွင်းရေးမှူး အမှုဆောင်အရာရှိ ဦးမြတ်သူ၊ ဆည်မြောင်း အင်ဂျင်နီယာ ဦးခင်မောင်ထွေးနှင့် ရပ်မိရပ်ဖတို့မှ မိုးဗြဲကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးတွင် တွေ့ဆုံ၍ လုပ်ငန်းဆောင်ရွက်မည့် အခြေအနေများကို ဆွေးနွေးခဲ့ကြသည်။
ယင်းရေဆိုးထုတ်မြောင်း ခန့်မှန်းခြေအလျား ပေ ၃၀၀၀ ခန့်အား အနံရှစ်ပေ၊ အနက်ငါးပေကို စက်ယန္တယား အသုံးပြု၍ ဒေသခံပြည်သူများမှ ပူးပေါင်းပါ၀င်ပြီး မြို့နယ်စည်ပင်သာယာရေးကော်မတီမှ နည်းပညာပံ့ပိုး ကူညီမှုဖြင့် ကိုယ်ထူကိုယ်ထ တူးဖော်သွားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေး ကော်မတီထံမှ သိရှိရ သည်။
ကိုထွေး(ဖယ်ခုံ)