ရန်ကုန် မေ ၉
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်တွင် သဘာဝဘေးအန္တရာယ်ကြိုတင် ကာကွယ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးထူးလွင်က မြို့နယ်များအလိုက် သဘာဝဘေးအန္တရာယ်ကိုကြိုတင်ကာကွယ်နိုင်ရန်အတွက် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ အထက်ဌာနအဆင့်ဆင့်မှ ချမှတ်ထားသော မူဝါဒလမ်းညွှန်ချက်များနှင့်အညီ လုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်ရန်၊ သဘာဝဘေးကြုံတွေ့ချိန် ကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ချိန်တွင် ကြီးကြပ်ကွပ်ကဲရန်၊ ပြန်လည်နေရာချထားရေးလုပ်ငန်းများအတွက် ရရှိသော ထောက်ပံ့ငွေ၊ အလှူငွေနှင့် ပစ္စည်းများကို သဘာဝဘေးကျရောက်သည့် ပြည်သူများထံ အမြန်ဆုံးရောက်ရှိရန်၊ ကြီးကြပ်ကွပ်ကဲရန်၊ သဘာဝဘေးစီမံခန့်ခွဲမှုလုပ်ငန်းများ ထိရောက်မြန်ဆန်စွာ ဆောင်ရွက်ကြရန်၊ ဘေးလွတ်ရာသို့ ကြိုတင်ရွှေ့ပြောင်းရေး၊ ရှာဖွေကယ်ဆယ်ရေး၊ အရေးပေါ်ကူညီထောက်ပံ့ရေး၊ ပစ္စည်းများပံ့ပိုးကူညီရေး၊ ဘေးလွတ်ရာ နေရာများနှင့် ယာယီခိုလှုံရာနေရာများစီစဉ်ပေးရေး ဘေးသင့်ပြည်သူများ ဆက်လက် ရှင်သန်ရပ်တည်နိုင်ရေးတို့အတွက် ညှိနှိုင်းပေါင်းစပ်မှုများ ဆောင်ရွက်ပေးရန်၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဗဟုသုတများကို ပြည်သူလူထုထံ အသိပညာပေးခြင်း၊ ကြိုတင်သတင်းပေးစနစ်များ ထားရှိဆောင်ရွက်ခြင်း၊ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများအတွက် လေ့ကျင့်သင်တန်းပေးခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်မှုများ ပြုလုပ်ကြရန်၊ အချိန်နှင့်တစ်ပြေးညီ သတင်းရယူခြင်း၊ သတင်းကွန်ရက်ချိတ်ဆက် ဆောင်ရွက်ခြင်းနှင့် သတင်းထုတ်ပြန်ခြင်းများတွင် ကြီးကြပ်ပံ့ပိုးဆောင်ရွက်ရန်၊ သဘာဝဘေးအန္တရာယ်အမျိုးအစားအလိုက် အနည်းဆုံးလိုအပ်သည့် အရေးပေါ်စားနပ်ရိက္ခာနှင့် ကယ်ဆယ်ရေးပစ္စည်းများ၊ ပြန်လည်ထူထောင်ရေး ပစ္စည်းများအဆင်သင့် ကူညီထောက်ပံ့နိုင်ရေးကြိုတင်စီမံထားရှိရန်၊ သဘာဝဘေးဖြစ်ပွားမှုအခြေအနေနှင့် လိုအပ်မှုအတိုင်းအတာအရ ကနဦးသတင်းထုတ်ပြန်ခြင်း၊ အချိန်အလိုက် အခြေအနေဖော်ပြချက် အစီရင်ခံစာများ ထုတ်ပြန်နိုင်ရန် စီမံဆောင်ရွက်ရန် ဆွေးနွေးခဲ့ပြီးတက်ရောက်လာကြသောဌာနဆိုင်ရာ အသီးသီးတို့မှ ပြန်လည်ဆွေးနွေး ခဲ့ကြသည်။
အဆိုပါအစည်းအဝေးသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
ခရိုင်(ပြန်/ဆက်)