တွံတေးမြို့နယ်၌ မုန်တိုင်းအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး Talk Show ပြုလုပ်

တွံတေး မေ ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မုန်တိုင်းအန္တရာယ်ကို မိဘပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေးအတွက် မုန်တိုင်းအန္တရာယ်ဆိုင်ရာကြိုတင်ကာကွယ်ရေးအသိပညာပေး Talk Show ကို ယမန်နေ့နေ့လယ် ၁ နာရီက မြို့နယ်ပြည်သူ့စာကြည့်တိုက်ရှိလူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးဒေါ်ဖြူဖြူဝင်းက သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဆွေးနွေးပွဲ(Talk Show)များ ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်များကိုဆွေးနွေးပြီး အငယ်တန်းစာရေးဒေါ်မေသူပြုံးက လက်တစ်လောဖြစ်ပေါ်နိုင်သည့် သဘာဝဘေးအမျိုးအစားများနှင့် မုန်တိုင်းဖြစ်ပေါ်နိုင်မှု အခြေအနေ၊ မုန်တိုင်းသတိပေးချက် အရောင်အညွှန်းနှင့် လုပ်ဆောင်ရမည့်လုပ်ငန်းများ၊ မုန်တိုင်းမဖြစ်မီကြိုတင်ပြင်ဆင်ရန်အချက်များဆွေးနွေးပြီး ဒုတိယဦးစီးမှူးဒေါ်ဖြူဖြူဝင်းကမုန်တိုင်းဖြစ်ချိန်တွင် ရှောင်ရှားသင့်သည့်အချက်နှင့် လိုက်နာရန်အချက်များ၊ မုန်တိုင်းပြီးဆုံးချိန်တွင်ပြုလုပ်ရန်အချက်များကို ပြည်သူများသိရှိစေရေး အသိပညာပေး ရှင်းလင်းဆွေးနွေး‌ပြောကြားခဲ့ကြကြောင်း သိရသည်။

တွံတေးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ ဗဟုသုတရရှိစေမည့် အသိပညာပေးဆွေးနွေးပွဲများကို Online မှတစ်ဆင့် အစဥ်အမြဲ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

တွံတေးသား