ရွှေတိဂုံစေတီတော်မြတ်ကြီး၏ (၅၈၀) ကြိမ်မြောက် ထုတိအနုမောဒနာ ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲကျင်းပ

ရန်ကုန် မေ ၁၀

ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ စေတနာသဒ္ဓါတရား ထက်သန်စွာလှူဒါန်းထားကြသော ကျပ်တစ်သိန်နှင့်အထက် အလှူရှင်များအား ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့က (၅၈၀) ကြိမ်မြောက် ထုတိအနုမောဒနာ ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲနှင့် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်ချအလှူတော် မင်္ဂလာအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီက ရွှေတိဂုံစေတီတော် ရင်ပြင်တောင်ဘက်မုခ်ရှိ ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များတန်ဆောင်း၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ဖွင့်လှစ်ပြီး အလှူရှင်များက အလှူတော်ငွေများကိုပေးအပ်လှုဒါန်းရာ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ အလှည့်ကျသဘာပတိ ဦးထိန်းဝင်းနှင့် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များက လက်ခံရယူပြီး ထုတိအနုမောဒနာ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။

ထို့နောက် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယအဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ ရန်ကုန်တိုင်းသံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဘဒ္ဒန္တအဂ္ဂသာမိထံမှအခမ်းအနားသို့ တက်ရောက်လာကြသူများက ငါးပါးသီလ ခံယူဆောက်တည်ကြပြီး အနုမောဒနာတရား နာယူကာလှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြောင်း သိရသည်။

ယနေ့ကျင်းပသော အလှူငွေပေးအပ်လှုဒါန်းရာ၌ ရွှေသင်္ကန်းတော်အလှူရှင် ၂၆ ဦးက ရွှေပြားအချပ် ၃၀ လှူဒါန်း ခဲ့ပြီး ငွေသားအလှုရှင် ၆၄ ဦး အပါအဝင် လှူဒါန်းငွေကျပ် ၁၇၉၄၂၃၉၅၃၉ တိတိဖြစ်ကြောင်း သိရသည်။

အောင်မြင့်(ပြန်/ဆက်)