ကျောက်တော် မေ ၁၀
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ်၌ မုန်တိုင်းအန္တရာယ် အသိပေးနှိုးဆော်ခြင်းကို ယမန်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်အချိန်က မြို့ပေါ် ရပ်ကွက်များအတွင်း လှည့်လည်နှိုးဆော်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်းပါဝင်သောအဖွဲ့က ဘင်္ဂလားပင်လယ် အော်အရှေ့တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာပြီး မုန်တိုင်းအဖြစ်သို့ ရောက်ရှိလာနိုင်သည့်အတွက် ရပ်ကွက်/ကျေးရွာများအတွင်းရှိ မိဘပြည်သူများအနေဖြင့် ၁၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ ရေလမ်းခရီးသွားလားခြင်း၊ ရုတ်တရလေပြင်းတိုက်ခတ်ခြင်း၊ မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ မြေပြိုခြင်းနှင့်ချောင်းငယ်မြစ်ငယ်များ အနီးတွင် နေထိုင်ကြသော ပြည်သူများ၊ သက်ကြီးရွယ်အို ဘိုးဘွားများနှင့် နာမကျန်းဖြစ်နေသည့်ဘိုးဘွားများ အနေဖြင့် နီးစပ်ရာဘုန်းတော်ကြီးကျောင်း၊ စာသင်ကျောင်း များသို့ ကြိုတင်ပြောင်းရွှေ့ပေးကြပါရန်နှင့် မိမိတို့၏ နေအိမ်များ၌လည်း ရိက္ခာခြောက်များ စုဆောင်းထားကြရန် အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
ကျောက်တော်မြို့နယ်တွင် မုန်တိုင်းဘေးအန္တရာယ်ကြိုတင် ကာကွယ်နိုင်ရေးအတွက် အများပြည်သူသွားလာရာလမ်းများ၊ ဘုတ်ဆိပ်၊ သင်္ဘောဆိပ်၊ မော်တော် ကားဂိတ်နှင့် လမ်းဆုံ/လမ်းခွ များသို့ သွားရောက်ပြီး အများပြည်သူများအနေဖြင့် မုန်တိုင်းအန္တရာယ် အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ခင်မောင်ထွန်း