မိုင်းခတ်၌ သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှု လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်

မိုင်းခတ် မေ ၁၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများနှင့် ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ညနေ(၃)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်စိုးက မုန်တိုင်းမဖြစ်ပွားမီကြိုတင် ကာကွယ်ရေးလုပ်ငန်းများ၊ မုန်တိုင်းဖြစ်ပွားနေချိန်တုံ့ပြန်ခြင်းနှင့် ကယ်ဆယ်ခြင်းလုပ်ငန်းများ၊ မုန်တိုင်းဖြစ်ပွားပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများ  ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရေး၊ လက်ရှိအချိန်တွင် ကြိုတင်ကာကွယ်ရေးအပိုင်း၌ စုဖွဲ့မှုများ၊ လှုံ့ဆော်ရေးအဖွဲ့မှ မုန်တိုင်းသတင်းကို ပြည်သူများသိရှိနိုင်ရေး ကြေညာဆောင်ရွက်ပေးရန်၊ မုန်တိုင်းဖြစ်ပွားသည့် နေရာဒေသကို ချက်ချင်းတုံ့ပြန်ဆောင်ရွက်နိုင်ရေး၊ မုန်တိုင်းဒဏ်ခံနိုင်သည့်နေရာများကို ပြောင်းရွေ့ပေးရေး၊ ကယ်ဆယ်ရေးအဖွဲ့များ ဖွဲ့စည်းထားရှိရေးနှင့်  အချိန်နှင့်တပြေးညီ ဆောင်ရွက်ပေးကြရန် ဆွေးနွေးကာမြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဝင် ဌာနဆိုင်ရာတာဝန်ရှိသူများက ကဏ္ဍအလိုက် ဆွေးနွေးတင်ပြခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)