မြစ်ကြီးနား မေ ၁၀
၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကချင်ပြည်နယ် ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် “ကျောင်းနေ အရွယ်ကလေးအားလုံး ပညာရေး မဝေးဖို့ ကျောင်းအမြန်အပ်နှံစို့” ဆိုင်းဘုတ်တင်ပွဲ အခမ်းအနားကို မေ ၅ ရက် နံနက် ၈ နာရီခွဲက မြစ်ကြီးနားမြို့ ဧရာရပ်ကွက်ရှိ ပြည်နယ်ပညာရေးမှူးရုံးရှေ့၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ တက်ရောက် ခဲ့ကြသည်။
ရှေးဦးစွာ အခမ်းအနားကို ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ မြစ်ကြီးနားတက္ကသိုလ် ပါမောက္ခချုပ်၊ ပြည်နယ်ပညာရေးမှူးနှင့် အခြေခံပညာကျောင်းအုပ်များက ဆိုင်းဘုတ် ရှေ့၌ နေရာယူကြပြီး ပြည်နယ် ဝန်ကြီးချုပ်က ကချင်ပြည်နယ်၏ မေလ ၂၅ ရက်နေ့မှ ၃၁ ရက်နေ့အထိ ကျောင်းအပ်နှံရေးသီတင်း ပတ်အဖြစ် “ကျောင်းနေအရွယ်ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့” ဆိုင်းဘုတ်ကို ကြိုးဆွဲဖွင့်လှစ်ကာ တာဝန်ရှိသူများနှင့်အတူ ဆိုင်းဘုတ်ကို အမွှေးနံ့သာရည်ဖြင့် ပက်ဖျန်းပေးခဲ့ ကြသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ပြည်နယ်အတွင်းရှိ ဌာနဆိုင်ရာအဖွဲ့အစည်းများအတွက် ရုံးဌာနများရှိ စာရင်း ဇယားများကို သိမ်းဆည်းရှာဖွေဖော်ထုတ်ရာတွင် php-MyAdmin Database Management Tool ကို အသုံးပြု၍ လွယ်ကူစွာ ရှာဖွေထုတ်ယူနိုင်ရေး ပြည်နယ် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် Introduction to Data-base သင်တန်းအမှတ်စဉ် (၂)ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။
သင်တန်းဖွင့်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က ရုံးဌာနများရှိ စာရင်းဇယာများ Database Software များကို အသုံးပြုခြင်းအားဖြင့် မှန်ကန်မှု၊ လိုက်လျောညီထွေမှု၊ အရိုးရှင်းဆုံးပုံစံရောက် အောင်ပြုလုပ်နိုင်မှု၊ လုံခြုံစိတ်ချရမှုများအပြင် လူအများတစ်ပြိုင်နက် အသုံးပြုနိုင်ခြင်းဖြင့် လိုချင်သည့် သတင်းအချက်များကို လွယ်ကူစွာထုတ်ကြည့်နိုင်သည့်အတွက် နိုင်ငံတော်၏ e-Government စနစ် ကို တစ်စိတ်တစ်ပိုင်း အထောက်အကူပြုမည်ဖြစ်ပါကြောင်း၊ ထို့အပြင် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်သည့် သင်တန်းဖြစ်သည့်အတွက် သင်တန်းသားများအနေဖြင့် စိတ်ပါဝင်စားစွာ ကြိုးစားသင်ယူကြရေးနှင့် သင်ကြားပေးနိုင်သည့် အသိပညာများကို မိမိတို့လုပ်ငန်းခွင်အတွင်း အကျိုးရှိစွာ ပြန်လည်အသုံးချနိုင်ရန်လိုကြောင်း တိုက်တွန်းမှာကြားသည်။
ထို့နောက် ပြည်နယ်ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဒေါက်တာ သိမ့်သိမ့်မိုးက ပထမအကြိမ် သင်တန်းဖွင့်လှစ်ပေးနိုင်မှု အခြေအနေနှင့် သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်သည် သင်တန်းခန်းမ၌ တစ်ပတ်လျှင် (၂)ရက်နှုန်းဖြင့် ရက်ပေါင်း (၆၀)ကြာ ဖွင့်လှစ်သင်ကြား ပေးသွားမည့် ဌာနဆိုင်ရာအသီးသီးမှ အရာထမ်း၊ အမှုထမ်းပေါင်း (၃၄)ဦးတို့အား ရင်းရင်းနှီးနှီးတွေ့ဆုံကာ သင်တန်းတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများအား ဂုဏ်ပြု ဆုများကို ထိုက်တန်စွာချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း အားပေးပြောကြားခဲ့သည်။
အလားတူ ပြည်နယ်ဝန်ကြီးချုပ်သည် မေ ၈ ရက် ညနေပိုင်းက ဧပြီ ၂၆ ရက်က စတင်ကျင်းပ ပြုလုပ်ခဲ့သည့် ပြည်နယ်ဝန်ကြီးချုပ် ဖလား မြို့နယ်ပေါင်းစုံ အသက်(၁၈)နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို တက်ရောက်ကြည့်ရှု အားပေးခဲ့ကြရာ ဗိုလ်လုပွဲစဉ်အဖြစ် မြစ်ကြီးနား မြို့နယ်အသင်းနှင့် ဝိုင်းမော်မြို့နယ်အသင်းတို့၏ ယှဉ်ပြိုင်ကစားခဲ့ကြပြီး ဝိုင်းမော်မြို့နယ်အသင်းက ၁ ဂိုး ဂိုးမရှိဖြင့် အနိုင်ရဗိုလ်စွဲသည်။
ထို့နောက် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဆက်လက်ကျင်းပပြုလုပ်ရာ ပြည်နယ်သယံဇာတရေးရာ ဝန်ကြီး ဦးတိန့်ဆောင်က ဘောလုံးပြိုင်ပွဲဖြစ်မြောက်ရေးအတွက် ဝိုင်းဝန်းကူညီခဲ့ကြသော ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် အသင်းအဖွဲ့များအား ဂုဏ်ပြု မှတ်တမ်းလွှာများကိုလည်းကောင်း၊ ပြည်နယ်လူမှုရေးရာဝန်ကြီးက ပြိုင်ပွဲတွင် နေရာအလိုက် အကောင်းဆုံးကစားသမားဆု များနှင့် ပွဲစဉ်တစ်လျှောက် အကောင်းဆုံးကစားဆုများကို လည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ဆက်လက်၍ ပြိုင်ပွဲတွင် ဆုရအသင်းများအတွက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများက တစ်ဦးချင်းလည်ဆွဲ ဆုတံဆိပ်များ ကိုချီးမြှင့် ကြပြီး တစ်ဆက်တစ်စပ်တည်း တတိယဆုရ တနိုင်းမြို့နယ် အသင်းအား ပြည်နယ်စီးပွားရေးရာဝန်ကြီးက လည်းကောင်း၊ ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီးတို့က ဒုတိယဆုရ မြစ်ကြီးနားမြို့နယ် အသင်း အားလည်းကောင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်က ပထမဆုရ ဝိုင်းမော်မြို့နယ်အသင်းအား ဂုဏ်ပြု ချီးမြှင့်ငွေများကိုလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ပထမဆုရအသင်း ဝိုင်းမော်မြို့နယ်အသင်းအား တံခွန်စိုက်ဒိုင်းဆုကို ပေးအပ်ချီးမြှင့်ခဲ့ပြီး ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်က ပထမဆုရ ဝိုင်းမော်မြို့နယ်အသင်းအတွက် ချီးမြှင့်ငွေကျပ် ၃ သိန်းကို ပေးအပ် ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ပြည်နယ် (ပြန်/ဆက်)