လွိုင်လင် မေ ၁၀
ရှမ်းပြည်နယ် (တောင်ပိုင်း) လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့တွင် မော်တော်ယာဉ်ဖောင်းကြွ နံပါတ်ပြားပုံစံအသစ်များ ပြောင်းလဲတပ်ဆင်ပြီးစီးခြင်းမရှိသည့် မော်တော်ယာဉ်များအား လွိုင်လင်မြို့အဝင် တိုးဂိတ်တွင် မေ (၈) ရက်နေ့ မွန်းလွဲ ၄ နာရီအချိန်က စစ်ဆေးအရေးယူခြင်းအား ယာဉ်ထိန်းရဲတပ်ဖွဲ့မှ တပ်ဖွဲစုမှုး ဒုရဲမှုးကျော်ဇေယျနှင့် အဖွဲ့ဝင်များ ၊ ကုန်းလမ်းပို့ဆောင်ရေးညွန်ကြားမှုဦးစီးဌာနမှ ဝန်ထမ်းများတို့ပူးပေါင်းကာ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပို့ဆောင်ဆက်သွယ်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနအနေဖြင့် မှတ်ပုံတင််ထားသည့် မော်တော်ယာဉ်များအား (၁-၇-၂၀၂၁) ရက်နေ့မှစတင်ကာ ဖောင်းကြွနံပတ်ပြားအသစ်များအား စတင်ပြောင်းလဲတပ်ဆင်ပေးလျက်ရှိရာ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွန်ပေးချက်အရ (၃၁-၃-၂၀၂၃) ရက်နေ့အပြီး ရာနှုန်းပြည့်ပြောင်းလဲတပ်ဆင်ပြီးစီးနိုင်ရေးအတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အသိပညာပေးခြင်းများအား ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ပေးခဲ့ပြီး ဖြစ်ပါသည်။
ဆက်လက်၍ မော်တော်ယာဉ်များအားလုံး ဖောင်းကြွနံပါတ်ပြားအသစ်များ ပြောင်းလဲတပ်ဆင်ရန် (၃၁-၃-၂၀၂၃) ရက်နေ့ စေ့ရောက်ပြီဖြစ်သော်လည်း ပြောင်းလဲတပ်ဆင်ရန်ကျန်ရှိသည့် မော်တော်ယာဉ်များအား ၂၀၂၃ ခုနှစ်၊ ဧပြီလအား ပညာပေးကာလအဖြစ် ဆောင်ရွက်ပေးခဲ့ပြီး၊ ပညာပေးကာလ ကျော်လွန်ပါက လိုအပ်သည့် စစ်ဆေးအရေးယူမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း (၁-၄-၂၀၂၃) နိုင်ငံပိုင်သတင်းစာများနှင့် ရုပ်သံများ၊ ဌာန၏ Website များတွင် အသိပေးနိုးဆော်ခြင်း များဆောင်ရွက်ခဲ့ပြီး ဖြစ်ပါသည်။
ယခုအခါပညာပေးကာလ ကျော်လွန်ပြီးဖြစ်ပါသဖြင့် လွိုင်လင်မြို့နယ်အတွင်း နံပါတ်ပြားများ တပ်ဆင်ရန်ကျန်ရှိသည့် မော်တော်ယာဉ်များအား ဖောင်းကြွနံပါတ်ပြားအသစ် အမြန်ဆုံးပြောင်းလဲ တပ်ဆင်ပြီးစီးရေးအတွက် လိုအပ်သလို အရေးယူဆောင်ရွက်ခြင်းများအား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူက ပြောကြားခဲ့ကြောင်း သိရသည်။
အယ်မင်း(လွိုင်လင်)