မိတ္ထီလာ မေ ၁၀
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်းများ (အခမဲ့) ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း ကျောင်းအုပ်ကြီး ဒေါ်ခင်စန်းတင်ထံမှ သိရသည်။
ကျေးလက်နေပြည်သူများအနေဖြင့် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန်၊ တစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်ငန်းများ ထူထောင်နိုင်၍ မိသားစုဝင်ငွေ တိုးပွားစေရန်၊ အသေးစားစက်မှုလက်မှု လုပ်ငန်းများ ပေါ်ထွက်လာစေရန်၊ ဒေသထွက်ကုန်းကြမ်းပစ္စည်းများကို အကျိုးရှိရှိ အသုံးချနိုင်စေရန်၊ အရည်အသွေးမြှင့် ထုတ်ကုန်ပစ္စည်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းမှ ချည်မျှင်နှင့် အထည်အလိပ် ကျွမ်းကျင်သူ တစ်နှစ်သင်တန်းနှင့် လက်ရက်ကန်း ခြောက်လသင်တန်းတို့အပြင် ကာလတိုသင်တန်းများကိုလည်း နှစ်စဉ် အခမဲ့ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။
ယင်းသို့ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သင်တန်းများဖြစ်သည့် စက်မောင်းစက်ပြင် (၂)လသင်တန်း တစ်ကြိမ်၊ အခြေခံစက်ချုပ် (၁)လသင်တန်း နှစ်ကြိမ်၊ အခြေခံမော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်း (၁)လသင်တန်းနှင့် လူသုံးကုန် ထုတ်လုပ်မှုနည်းပညာ ရက်သတ္တပတ် တစ်ပတ် သင်တန်းတို့ကို အခမဲ့ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)