နမ့်စန်(တ) မေ ၁၀
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ယမန်နေ့ ညနေ ၆နာရီခွဲခန့်က မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ဟိုက်ဖတ်ကျေးရွာအုပ်စုမှ ဟိုက်ဖတ်ကျေးရွာ၊ နားတုံကျေးရွာနှင့် ဝမ်လုံကျေးရွာတို့ရှိ သွပ်မိုး၊ အုတ်ညှပ် နေအိမ်(၂)လုံး၊ သွပ်မိုးထရံကာ နေအိမ်(၅)လုံး၊ စုစုပေါင်း (၇)လုံး အမိုးလန်ပျက်စီးခဲ့ပြီး အမှတ်(၃)ရပ်ကွက်ရှိ အတုလကာရီ ဘုန်းတော်ကြီးကျောင်း အုတ်တံတိုင်း အရှည် ပေ ၄၀ခန့် ပြိုကျပျက်စီးခဲ့ကြောင်း သိရသည်။
အဆိုပါ သဘာဝဘေးဖြစ်ပွားရာနေရာများသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးမြင့်အောင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေး အသင်းအဖွဲ့များ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် ပြည်သူများက သွားရောက်၍ အပျက်အစီးရှင်းလင်းရေး လုပ်ငန်းများနှင့် အခြားလိုအပ်သည်များကို စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်(၇)လုံး အမိုးလန်ပျက်စီး (ဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်း ၃၀ ခန့်)နှင့် အုတ်တံတိုင်းပြိုကျပျက်စီး (ဆုံးရှုံးမှု တန်ဖိုး ၆သိန်း ကျပ်) စုစုပေါင်း ၃၆ သိန်းခန့် ပျက်စီးဆုံးရှုံးခဲ့ပြီး လူနှင့်တိရိစ္ဆာန်များ ထိခိုက်ပျက်စီးမှုမရှိကြောင်း သိရသည်။
သူရအောင်(ပြန်/ဆက်)