ဒလ မေ ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းလုပ်ငန်းများကို ယနေ့နံနက်(၉)နာရီအချိန်က ခနောင်မီးခြစ်စက် ချောင်းဝကျေးရွာရှိ ခနောင်ပုဗ္ဗာရုံဘုန်းတော်ကြီးကျောင်း၌ ဆောင်ရွက်ခဲ့ကြသည်။
ရှေးဦးစွာ မြို့နယ်မီးသတ်ဦးစီးမှူးဦးဇာနည်ထက်က သဘာဝဘေးအန္တရာယ်မကျရောက်မီ ကြိုတင်ပြင်ဆင်ထားရမည့်အချက်များ၊ သဘာဝဘေးအန္တရာယ်ကျရောက်လာပါက အရေးပေါ်နားခိုရာနေရာများသို့ ရွှေ့ပြောင်းရန်၊ ငါးဖမ်းစက်လှေများအနေဖြင့် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ချက်သတင်းများကို စောင့်ကြည့်၍ ကြိုတင်ပြင်ဆင်ထားကြရန်စသည့် အကြောင်းအရာများပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့များက အရေးပေါ်ယာယီရွက်ဖျင်တဲထိုးနည်း၊ တစ်ယောက်ထမ်းနည်း၊ နှစ်ယောက်ထမ်းနည်း၊ လူနာထမ်းစင်ဖြင့် လူနာကယ်နည်းများကို ဇာတ်တိုက်လေ့ကျင့်ခဲ့ကြောင်း သိရသည်။
အဆိုပါဟောပြောပွဲနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းသို့ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ကျေးရွာနေပြည်သူများတက်ရောက်ခဲ့ကြပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့မှ မုန်တိုင်းအန္တရာယ်အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြကြောင်း သတင်းရရှိပါသည်။
မြင့်ဇော်(ပြန်/ဆက်)