မီးသတ်စခန်းများနှင့်လူမှုကယ်ဆယ်‌ရေးအသင်းအဖွဲ့များတွင် ရှာဖွေကယ်ဆယ်ရေးပစ္စည်းများနှင့် ရှာဖွေကယ်ဆယ်ရေးတပ်စုများ  အရန်သင့်စုဖွဲ့ထားရှိ

မော်လမြိုင်   မေ    ၁၀

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်အတွင်း မုန်တိုင်းဘေးနှင့်သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာပါက ပြည်သူများအား အချိန်နှင့်တစ်ပြေးညီ သွားရောက်ကူညီကယ်ဆယ်နိုင်ရေးအတွက်  မီးသတ်စခန်းများနှင့် လူမှုကယ်ဆယ်‌‌ရေးအသင်းအဖွဲ့များတွင် ရှာဖွေကယ်ဆယ်ရေးတပ်စုများ အရန်သင့်စုဖွဲ့ထားရှိပြီး တပ်ဖွဲ့ဝင်များအတွက် စားနပ်ရိက္ခာများစုစည်းထားရှိကာ ရှာဖွေကယ်ဆယ်ရေးပစ္စည်းများအသင့် ဆောင်ရွက်ထားကြောင်း သိရသည်။

“မကြာမီ မုန်တိုင်းဘေးဖြစ်ပွားလာနိုင်တဲ့အပြင် ဖြစ်ပွားလာပါက ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များအနေဖြင့် ချက်ချင်းထွက်ခွာ ကယ်ဆယ်ဆောင်ရွက်နိုင်ဖို့ စုဖွဲ့ထားပါတယ် ကယ်ဆယ်ရေးဆောင်ရွက်ကြမည့် တပ်ဖွဲ့ဝင်တွေအတွက် ရှာဖွေကယ်ဆယ်ရေးသုံး ပစ္စည်းတွေကို အရန်သင့်စုဖွဲ့လေ့ကျင့်ထားရှိပါတယ်”လို့ တာ၀န်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

မုန်တိုင်းဘေးအန္တရာယ်နှင့်ပတ်သက်ပြီး သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်ပူးပေါင်းပြီး ညွှန်ကြားချက်များနှင့်အညီ ဘေးအန္တရာယ်မဖြစ်ပွားမီ သတိပေးခြင်းများဆောင်ရွက်ပြီး ဖြစ်ပွားချိန်တွင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ချက်ချင်းသွားရောက် ဆောင်ရွက်ကြမည်ဖြစ်ကြောင်း၊ ဖြစ်ပွားပြီးပါကလည်း ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ဆက်လက်ဆောင်ရွက် သွားကြမည်ဖြစ်ကြောင်း သိရသည်။

မော်လမြိုင်ခရိုင်အတွင်းရှိ မီးသတ်စခန်းတွင် Turntable Ladder လှေခါးတင် မီးငြှိမ်းသတ်ယာဉ်များ၊ ရှာဖွေကယ်ဆယ်ရေးမော်တော်ယာဉ်များ၊ ရှာဖွေကယ်ဆယ်ရေးရေယာဉ်များ၊ လူနာတင်ယာဉ်များ၊ရှာဖွေကယ်ဆယ်ရေး ပစ္စည်းမျိုးစုံနှင့်  ရှာဖွေကယ်ဆယ်ရေးတပ်စုကို စားနပ်ရိက္ခာများဖြင့် အရန်သင့်စုဖွဲ့ထားရှိ၍ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များအား ရှာဖွေကယ်ဆယ်ရေးပစ္စည်းများဖြင့် အစဉ်အမြဲလေ့ကျင့်‌ပေးလျက်ရှိကြကြောင်း မီးသတ်ဦးစီးဌာနမှ သိရှိရသည်။

ခရိုင်ပြန်/ဆက်