ကျောက်ဖြူ မေ ၁၀
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ မုန်တိုင်းဘေးအန္တရာယ် ကျရောက်လာပါက ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နိုင်ရန်အတွက် မုန်တိုင်းဦးတည်ရာအလိုက် အရောင်သတ်မှတ်ချက်များ မြေစိုက်ပိုစတာဆိုင်းဘိုးကို ယမန်နေ့ မွန်းလွဲပိုင်းက ကျောက်ဖြူပွိုင့်ကမ်းခြေနေရာ၊ ငလပွေ့ဆိပ်ကမ်းနေရာနှင့် နာရီစင်အနီး လမ်းဆုံနေရာတို့တွင် စိုက်ထူခဲ့သည်။
အဆိုပါ မုန်တိုင်းဦးတည်ရာအလိုက် အရောင်သတ်မှတ်ချက်များ မြေစိုက်ပိုစတာဆိုင်းဘိုးတွင် အဝါရောင်- ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီပင်လယ်ပြင်တို့တွင် မုန်တိုင်းစတင်ဖြစ်ပေါ်သည့် အချိန်၊ လိမ္မော်ရောင်-ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီပင်လယ်ပြင်တို့တွင် မုန်တိုင်း စတင်ဖြစ်ပေါ်ပြီးနောက် မြန်မာ့ကမ်းရိုးတန်းဒေသသို့ ဦးတည်ရွေ့လျားလာမည့်အချိန်၊ အနီရောင်- မုန်တိုင်း မြန်မာ့ကမ်းရိုးတန်းဒေသသို့ ဦးတည်ရွေ့လျားလာပြီး မြန်မာ့ကမ်းရိုးတန်းသ ို့မဖြတ်ကျော်မီ (၁၂)နာရီအလို အချိန်၊ အညိုရောင်-မြန်မာ့ကမ်းရိုးတန်းဒေသများသို့ မုန်တိုင်းဖြတ်ကျော်ဝင်ရောက်သည့်အချိန်၊ အစိမ်းရောင်-မုန်တိုင်း အားပျော့၍ မုန်တိုင်းအန္တရာယ် ကင်းရှင်းသွားသည့်အချိန်စသည့် မုန်တိုင်းအရောင်စနစ်သတ်မှတ်ချက်များနှင့် ကျောက်ဖြူခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့သို့ ဆက်သွယ်နိုင်သည့် ဖုန်းနံပါတ်များ ပါရှိသည်။
ထိုသို့ မြေစိုက်ပိုစတာဆိုင်းဘုတ်စိုက်ထူရာသို့ ကျောက်ဖြူခရိုင် ရဲတပ်ဖွဲ့မှူး၊ ဒုတိယခရိုင် ရဲမှူးကြီး နေထွန်းလင်းနှင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ ကော်မတီဝင်များက ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားကြောင်း သိရသည်။
တင်ထွန်းဦး(ပြန်/ဆက်)