ပုသိမ်ကြီး မေ ၁၀
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်တွင် သဘာဝဘေးစီမံခန့်ခွဲမှု ဆောင်ရွက်မည့် အစီအမံနှင့် ပတ်သက်သည့်ဆောင်ရွက်ထားရှိမှုအခြေအနေအား ချပြဆွေးနွေးသည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နေ့လယ် ၂နာရီအချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဦးကဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်ပေါ်နေပြီး မုန်တိုင်းအဖြစ်သို့ ကျရောက်နိုင်သည် ဖြစ်သည့်အတွက် သဘာဝဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့် ကျရောက်လာပါက တုံ့ပြန်ရေး၊ ရှာဖွေကယ်ဆယ်ရေး၊ နေရာချထားရေး၊ ပြန်လည်ထူထောင် ရေးလုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်နိုင်ရန် လုပ်ငန်းဆပ်ကော်မတီများ ဖွဲ့စည်းတာဝန် ပေးအပ်ထားပြီးဖြစ်ကြောင်း၊ မိမိတို့ကော်မတီအလိုက် လုပ်ငန်းများအဆင်ပြေအောင် အလေးထားဆောင်ရွက်သွားကြစေလိုကြောင်း ဆွေးနွေးပြောကြားခဲ့ပြီးနောက် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးက သဘာဝဘေးအန္တရာယ်ကျရောက်ပါက ဆောင်ရွက်ရန်အတွက် ကော်မတီများ ဖွဲ့စည်း ထားရှိမှုနှင့် လုပ်ငန်းတာဝန်အသီးသီးကို အသေးစိတ်ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးဝေယံမင်းက သဘာဝဘေး အန္တရာယ်ဆိုင်ရာ ဖြစ်ရိုးဖြစ်စဥ်နှင့်အတွေ့အကြုံများကို ရှင်းလင်းဆွေးနွေးခဲ့သည်။ ၎င်းနောက် တက်ရောက်လာသည့် ဌာနဆိုင်ရာများမှ ကော်မတီအသီးသီးအလိုက် ကြိုတင်ပြင်ဆင် ဆောင်ရွက်သင့်သည်များ၊ ဖြစ်ပေါ်လာနိုင်မည့် လုပ်ငန်းလိုအပ်များကို ဆွေးနွေးညှိနှိုင်းခြင်းများ ဆောင်ရွက်ခဲ့ကြပြီး ဆွေးနွေးချက်များအပေါ် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌမှ လုပ်ငန်းများ အောင်မြင်ရေး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)