မိုးစပါးစိုက်တောင်သူများအတွက် နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် သွင်းအားစုများထုတ်ချေးပေးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မိုင်းရယ် မေ ၁၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့တွင် ၂၀၂၂-၂၀၂၃ မိုးစပါးစိုက်တောင်သူများအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် တစ်ဧကလျှင် ကျပ်နှစ်သိန်းနှုန်းနဲ့ညီမျှသည့် သွင်းအားစုများထုတ်ချေးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၁ နာရီက မြို့နယ်သမဝါယမဦးစီးဌာန ခန်းမ၌ ပြုလုပ်သည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္က ဦးစိုးမင်းအောင်က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဝတ်ရည်ကျော်က သွင်းအားစုများထုတ်ချေးမည့်အခြေအနေနှင့်ပတ်သက်၍ ရှင်းလင်းသည်။ ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာ၊ ဦးစီးအရာရှိ ဦးစိုးနိုင်က တောင်သူများ အသိပညာဗဟုသုတ တိုးပွားစေရန်စိုက်ပျိုးရေးလုပ်ငန်း စိုက်ပျိုးထုတ်လုပ်ခြင်းနှင့်ပတ်သက်သည်များကို ဆွေးနွေးပြောကြားသည်။

ယင်းနောက် တက်ရောက်လာကြသည့် တောင်သူများက သွင်းအားစုများထုတ်ချေးမည့် အခြေအနေနှင့်ပတ်သက်၍ သိလိုသည်များကိုမေးမြန်းရာ သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြသည်။

အဆိုပါ သွင်းအားစုများထုတ်ချေးမည့် တောင်သူများအနေဖြင့် သမဝါယမဦးစီးဌာန၌ အသင်းဝင်အဖြစ် အစုတစ်စုလျှင် ကျပ်တစ်သောင်းနှုန်းဖြင့် ဦးစွာ အသင်းသားအဖြစ်ဝင်ရောက်ရမည်ဖြစ်သည်။ သမဝါယမဦးစီးဌာနအနေဖြင့် အသင်းဝင်ထားသည့် တောင်သူများအား ကျပ်နှစ်သိန်းနှုန်းနဲ့ညီမျှသော သွင်းအားစု(မျိုး၊ ဓာတ်မြေဩဇာ၊ ပေါင်းသတ်ဆေး)တို့ကို အတိုး နှုန်း ၆၀ ပြား၊ ပြန်ဆပ်ကာလ ၆ လဖြင့် ဇွန်လ၌ ထုတ်ချေးပေးနိုင်ရန် မျှော်မှန်းထားကြောင်း သတင်းရရှိသည်။

မိုင်းရယ်(ပြန်/ဆက်)