ပုဏ္ဏားကျွန်းမြို့၌ မုန်တိုင်းအန္တရာယ်ဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ

ပုဏ္ဏားကျွန်း မေ ၁၀

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီဝင်များ ပူးပေါင်း၍ မုန်တိုင်းဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယမန်နေ့၊ နေ့လယ်ပိုင်းက သင်္ဘောဆိပ်၊ လှေဆိပ်များ၊ မြို့မဈေးကြီးနှင့် လမ်းသွားလမ်းလာ ပြည်သူ များအား ဖြန့်ဝေခဲ့ကြသည်။

ပြည်သူများအနေဖြင့် သဘာဝဘေးအန္တရာယ်မဖြစ်ပွားမီ ကြိုတင်ပြင်ဆင်နိုင်ရန်၊ ဖြစ်ပွားနေစဉ် ဆောင်ရွက်ရန်နှင့် ဖြစ်ပွားပြီးချိန်၌ လိုက်နာဆောင်ရွက်ရမည့်အချက်များကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် ရည်ရွယ်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ့မှုဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍ သဘာဝဘေးအန္တရာယ် ဆိုင်ရာ အသိ ပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြသည်။

ထိုသို့ဖြန့်ဝေရာတွင် မုန်တိုင်းဘေး၊ လေပြင်းဘေး၊ ရေဘေး၊ မြေပြိုဘေး၊ မိုးကြိုးဘေး အစရှိသည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိ ပညာပေးလက်ကမ်းစာစောင်များပါဝင်တဲ့ လက်ကမ်းစောင်ရေ (၄၅၀)စောင်အား ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။  

နီထွန်းအောင်(ပြန်/ဆက်)