မိုင်းကိုင်မြို့နယ်၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီ ညှိနှိုင်းအစည်းအဝေးကျင်းပ

မိုင်းကိုင် မေ ၉

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌  ပြောင်းလဲဖြစ်ပေါ်နေသည့် မိုးလေဝသအခြေအနေများနှင့်ပတ်သက်၍ အသိပညာပေးခြင်း၊ ကြိုတင်ကာကွယ်ခြင်း၊ ကြိုတင်ပြင်ဆင်ခြင်းများ ဆောင်ရွက်နိုင်ရန်အတွက် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီ  လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး  အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စုများမှ အုပ်ချုပ်ရေးမှူးများနှင့် စာရေးများ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဦးအောင်စိုးဦးက အဖွင့်အမှာစကားပြောကြားပြီးနောက် သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ၊ အသိပညာပေးမှုများကို အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေး ဆောင်ရွက်ရန်၊ မုန်တိုင်းအန္တရာယ်၊ ရေဘေး၊ လေဘေး စသည့် သဘာဝဘေးကျရောက်စဉ်အတွင်း  အများပြည်သူအရေးပေါ်ပြောင်းရွေ့နိုင်မည့်  လုံခြုံစိတ်ချရသောစုရပ်များ ကြိုတင်ပြင်ဆင်သတ်မှတ်ထားရှိရန်၊ ဖြစ်စဉ်ဖြစ်ပွားပါက သတင်းပေးပို့ဆက်သွယ်မှုစနစ်  မှန်ကန်မြန်ဆန်စေရေးဆောင်ရွက်ရန်၊ လမ်း၊ တံတားပျက်စီးခြင်း၊ မြေပြိုခြင်း၊ အဆောက်အဦ၊ အိမ်ပျက်စီးဆုံးရှူံးမှုများရှိလာပါက အချိန်မီစာရင်းများ ပြုစုမှတ်တမ်းယူဆောင်ရွက်ရန်နှင့် အချိန်မီပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရန်အတွက် လူ၊ ပစ္စည်း၊ စက်ယန္တရားများ ကြိုတင်စုဆောင်းထားရှိရန်၊ လူတိရိစ္ဆာန်ထိခိုက်ဒဏ်ရာရမှုများရှိလာပါက အရေးပေါ်ပြုစုစောင့်ရှောက်နိုင်ရေး ကူညီဆောင်ရွက်ပေးမည့် အစုအဖွဲ့များဖွဲ့စည်းထားရှိရန် စသည့်တို့ကို အသေးစိတ်ဆွေးနွေးကြပြီး ဆုံးဖြတ်ချက်များ အသီးသီးချမှတ်ခဲ့ကြသည်။

အဆိုပါအစည်းအဝေးဆုံးဖြတ်ချက်များအရ မိုင်းကိုင်မြို့နယ်တွင် သဘာဝဘေးအန္တရာယ်ကျရောက်လာပါက လမ်းပမ်းဆက်သွယ်ရေး အရေးပေါ်စုဝေးနိုင်ရန် ကြားစခန်းများအဖြစ် မြို့နယ်လမ်းဦးစီးဌာနရုံး၊ လွိုင်လင်-ပန်ကေတု-သီပေါလမ်းပေါ်ရှိ မိုင်တိုင် ၈၀/၀မိုင် ပန်တေတုကျေးရွာ ဗိုလ်တဲစခန်း၊ မိုင်တိုင် ၉၆/၀ မိုင် တုံလောကျေးရွာ ဗိုလ်တဲစခန်းတို့တွင် Excavator နှစ်စင်း၊ Loder တစ်စင်း၊ Tipper ခြောက်စင်း၊ စုစုပေါင်းစက်ယန္တရား ကိုးစင်း၊ အင်ဂျင်နီရာ အရာထမ်း ၁ ဦး၊ အမှုထမ်း ၄ ဦး၊ လုပ်သားအင်အား ၆၀ ဦးအပြင် မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် အရေးပေါ်စုရပ်(၁၅)နေရာတို့ကို သတ်မှတ်ထားရှိကာ မြို့နယ်သဘာဝပေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီ၏ ကြီးကြပ်ဦးဆောင်မှုဖြင့် အစီအမံများကို ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ချော(မိုင်းကိုင်)