မောင်တော မေ ၁၀
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ခရိုင်အတွင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများကို ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန် ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ နယ်မြေခံစစ်ဆင်ရေး ကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်သူရိန်ထွန်းက ယခုဖြစ်ပေါ်လျက်ရှိသော သဘာဝဘေး အန္တရာယ်ဆိုင်ရာ ကိစ္စရပ်များကို ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကော်မတီများ ဖွဲ့စည်း ဆောင်ရွက်ထားရှိမှု၊ ကော်မတီတစ်ခုချင်း၏ လုပ်ငန်းတာဝန်များ၊ သဘာဝဘေး မဖြစ်ပေါ်ကာလနှင့် ဖြစ်နေဆဲကာလ၊ ဖြစ်ပေါ်ပြီး ကာလများအတွင်း ကော်မတီများအလိုက် လုပ်ဆောင်သင့်သည့်များအား ရှင်းလင်းဆွေးနွေးခဲ့ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ခရိုင်သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးနေဦးက သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်လာပါက ကြိုတင်ကာကွယ်မှုများ စီစဉ်ဆောင်ရွက်မှု၊ သဘာဝဘေး ကာကွယ်နိုင်ရေး အသိပညာပေးရေး၊ သဘာဝဘေးကာကွယ်ရေးအတွက် ကြိုတင်အစီအမံများ ဆောင်ရွက်ထားရှိမှသာ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှုများ လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ သဘာ၀ ဘေးအန္တရာယ်များကြောင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များ ထိခိုက်ဆုံးရှုံးမှု လျော့နည်းသက်သာစွာနှင့် အကောင်းဆုံးရင်ဆိုင်တုံ့ပြန်နိုင်ရေး၊ စနစ်တကျ စီမံခန့်ခွဲနိုင်ရန် လုပ်ငန်း ကော်မတီအသီးသီးအနေဖြင့် သက်ဆိုင်ရာ လုပ်ငန်းကဏ္ဍအလိုက် လုပ်ငန်းအစီအမံများ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိရေး၊ ဘေးအန္တရာယ်များ စနစ်တကျ လျင်မြန်ထိရောက်စွာ ဆောင်ရွက်နိုင်ရေး၊ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်း စီမံချက်ပါ လုပ်ငန်းစဉ်များဖြစ်သည့် ကြိုတင်ပြင်ဆင်ရေးနှင့် ကြိုတင်ကာကွယ်ရေး၊ ပြန်လည်တုံ့ပြန်ရေး၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို အားလုံးပူးပေါင်း ပါဝင်ဆောင်ရွက်ရန်လိုအပ်ကြောင်း စသည့်တို့ကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးကံထွန်းအောင်က သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ကော်မတီများ ဖွဲ့စည်းဆောင်ရွက်ထားရှိပြီး သက်ဆိုင်ရာ ကော်မတီများအလိုက် လုပ်ငန်းတာဝန်များကိုလည်း ကြိုတင်စီစဉ်ဆောင်ရွက်ထားရှိပါကြောင်းနှင့် သဘာဝဘေးဖြစ်ပေါ်လာပါက သက်ဆိုင်ရာဌာန ကော်မတီဝင်များအလိုက် လုပ်ငန်းတာဝန်များအား စနစ်တကျ အကောင်အထည်ဖော်ဆောင်ရွက်ရေး စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများအား စသည့်တို့ကို ဆွေးနွေးတင်ပြခဲ့ရာ လိုအပ်သည်များအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သက်လွင်စိုး ၊အောင်ကျော်စိန် (ပြန်/ဆက်)