သုံးခွ မေ ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ပြည်သူများ ပူပြင်းခြောက်သွေ့သော နွေရာသီတွင် သွေးတိုးရောဂါဖြစ်ပွားမှုမှ ကင်းဝေးစေရန်ရည်ရွယ်၍ "သွေးတိုးရောဂါ သိကောင်းစရာ" အသိပညာပေးTalk Show ကို မေလ ၈ ရက်နေ့ နံနက် ၁၀:၃၀ နာရီ အချိန်ကပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက်လက်ထောက်-၃ ဒေါ်၀င်းနီလာထွန်းက သွေးတိုးရောဂါဖြစ်ပွားရခြင်းအကြောင်း၊ သွေးတိုးရောဂါဖြစ်ပွားပြီး နောက်ဆက်တွဲဖြစ်ပွားတတ်သည့် ရောဂါများအကြောင်းနှင့် သွေးတိုးရောဂါဖြစ်ပွားမှုလျော့ကျအောင်နေထိုင်သင့်သည့် အကြောင်းအရာများကို မေးမြန်းဆွေးနွေးခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးဒေါ်လှိုင်သူဇာက သွေးတိုးရောဂါဖြစ်ပွားရခြင်းမှာ ကံ၊ စိတ်၊ ဥတု၊ အာဟာရမညီမျှမှုတွေကြောင့်ဖြစ်ရတာဖြစ်ပါကြောင်း၊ ကံကြောင့်သွေးတိုးရောဂါဖြစ်ခြင်းတွင် အတိတ်ကံမကောင်း၍ မျိုးရိုးလိုက်ခြင်းနှင့် ပစ္စုပ္ပန်တွင် အသွားအလာအနေအထိုင်မဆင်ခြင်မှုတို့ကြောင့်ဖြစ်ရပါကြောင်း၊ စိတ်ကြောင့် သွေးတိုးရောဂါဖြစ်ခြင်းတွင်လည်း နေ့စဉ်ထိတ်လန့် ကြောက်ရွံ့ခြင်းနှင့် ဒေါသကြီးခြင်းတို့ကြောင့်ဖြစ်တတ်ပါကြောင်း၊ သွေးတိုးရောဂါဖြစ်ပွား နောက်ဆက်တွဲဖြစ်ပွားတတ်သည့် ရောဂါများမှာဦးနှောက်ရောင်ခြင်း၊ ဦးနှောက်သွေးကြောပိတ်ခြင်း၊ ပေါက်ခြင်း၊ နှလုံးအားနည်းခြင်းစသည့် ရောဂါများဖြစ်ပွားတတ်ပါကြောင်း၊ သွေးတိုးရောဂါဖြစ်ပွားမှုလျော့ချစေရန် နေ့စဉ်ပုံမှန် မိနစ် ၃၀ လမ်းလျှောက်ပေးခြင်း၊ အသက်ရှုလေ့ကျင့်ခန်းနှင့် ကိုယ်လက်လှုပ်ရှားမှုကို ပုံမှန်ပြုလုပ်ပေးသင့်ပါကြောင်း၊ ကိုယ်အလေးချိန်များနေပါက စနစ်တကျလျှော့ချခြင်း၊ ၀မ်းမချုပ်အောင်နေထိုင်စားသောက်ခြင်း၊ အပူအအေးမျှတအောင်နေထိုင်ခြင်းတို့ဖြင့် သွေးတိုးရောဂါဖြစ်ပွားမှုကို လျော့ချနိုင်ပါကြောင်းစသည်ဖြင့် ပြောကြားခဲ့သည်။
မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများလူငယ်လူရွယ်များ အသိပညာဗဟုသုတရရှိစေရန်နှင့် ကျန်းမာရေးအသိများရရှိစေရန်ရည်ရွယ်၍ Online Talk Show များဖြင့် အသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
စည်သူလင်း ပြန်/ဆက်