ပုဏ္ဏားကျွန်း မေ ၉
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက စိုက်ပျိုးရေးနည်းပညာများ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ တောင်သူပညာပေးဆွေးနွေးပွဲကို ယမန်နေ့၊ နေ့လည်ပိုင်းက ကွန်းတောင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ကျင်းပခဲ့သည်။
ဆွေးနွေးပွဲတွင် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးထွန်းအောင်ကျော်က တောင်သူများ အကျိုးဖြစ်ထွန်းစေရေးအတွက် စိုက်ပျိုးရေးနည်းပညာသင်တန်းများ ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။ ထိုနောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက မျိုးစပါးမျိုးစေ့ ထုတ်လုပ်နည်းပညာ၊ ဘက်စုံပိုးမွှားများ ကာကွယ်နှိမ်နင်းခြင်း နည်းပညာ၊ မြေဆီလွှာထိန်းသိမ်းနည်းပညာနှင့် နေကြာဆီထွက်သီးနှံ အထွက်တိုး စိုက်ပျိုး နည်းပညာတို့ကို သင်ကြားပို့ချပေးခဲ့သည်။
အဆိုပါဆွေးနွေးပွဲသို့ ဒေသခံတောင်သူ ၅၀ ဦး တက်ရောက်ခဲ့ကြပြီး၊ တောင်သူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြရာ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ပြန်လည် ရှင်းလင်းဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
နီထွန်းအောင်(ပြန်/ဆက်)