ရခိုင်ပြည်နယ် မောင်တောမြို့၌ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိရေး အတွက် အဆင့်မြင့် အမျိုးသမီးအိမ်တွင်းမှု စက်ချုပ်သင်တန်း ဖွင့်လှစ်

မောင်တော   မေ  ၉

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ ကျေးလက်နေပြည်သူများအလုပ်အကိုင် အခွင့်အလမ်းရရှိရေးအတွက် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီး အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း၏ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းအမှတ်စဉ် ၄ သင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် ၉ နာရီက အဆိုပါ သင်တန်းကျောင်းခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ  နယ်မြေခံစစ်ဆင်ရေး  ကွပ်ကဲရေးမှူး  ဗိုလ်မှူးချုပ် သူရိန်ထွန်းက အဖွင့်အမှာစကား ပြောကြားရာတွင် ကျေးလက်နေ ပြည်သူများ၏ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီး ပေးနိုင်ရေး နှင့် တစ်ဦးချင်းဝင်ငွေ တိုးပွားလာခြင်းဖြင့် ဆင်းရဲနွမ်းပါးမှု လျှော့ချစေနိုင်ရေး စသည့် လုပ်ငန်း စဉ်များ အတွက် အထောက်အကူပြုနိုင်စေနိုင်ရန် စသည့် ရည်ရွယ်၍ ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့ နောက် အမျိုးသမီး အိမ်တွင်းမှု လုပ်ငန်းပညာသင်တန်းကျောင်းမှ ကျောင်းအုပ် ဆရာမကြီး ဒေါ်နီလာကြည်မှ သင်တန်းမှ ပို့ချမည့်ဘာသာရပ်များနှင့် သင်တန်းဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းပြောကြားပြီး အခမ်းအနားသို့ တက်ရောက်လာသူများက ခင်းကျင်းပြသထားသည့် နမူနာလက်ရာများနှင့် သင်ထောက်ကူပစ္စည်းများအား လှည့်လည်ကြည့်ရှု အားပေးကြသည်။

အဆိုပါ သင်တန်းတွင်  သင်တန်းသူများမှာ ကျေးလက် နေဒေသခံ တိုင်းရင်းသူများဖြစ်ပြီး မောင်တောမြို့မှ ၁၉ ဦး၊ ဘူးသီးတောင်မြို့မှ ၇ ဦး၊ ရသေ့တောင်မြို့မှ ၄ ဦး စုစုပေါင်း အဆင့်မြင့် သင်တန်းသူ (၃၀)ဦး တက်ရောက် သင်ယူ မည်ဖြစ်ရာ  သင်တန်းကာလမှာ ၂၀၂၃ ခုနှစ်၊ မေ ၈ ရက်နေ့မှ အောက်တိုဘာ ၁၀ ရက်နေ့ထိ  ၁၈ ပတ်ကြာမြင့်မည် ဖြစ်သည်။ အခမ်းအနားသို့ နယ်မြေခံစစ်ဆင်ရေးကွပ်ကဲရေးမှူး  ဗိုလ်မှူးချုပ် သူရိန်ထွန်း ၊ခရိုင်စီမံ အုပ်ချုပ်ရေး အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး ကျော်သူဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကံထွန်းအောင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ အိမ်တွင်းမှုပညာသင်တန်းကျောင်းမှ ဆရာမများနှင့် သင်တန်းသူများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သက်လွင်စိုး ခရိုင်(ပြန်/ဆက်)