သာစည် မေ ၉
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် သဘာဝဘေးဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ဝန်ဇင်းမင်းရာဇာခန်းမ၌ ကျင်းပပြုလုပ်သည်။
အဆိုပါအစည်းအဝေးတွင် မြို့နယ်သဘာဝဘေးဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးသက်ကျော်က မြို့နယ်အဆင့် သဘာဝဘေးဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ ဖွဲ့စည်းထားရှိမှုနှင့် ဆောင်ရွက်ရမည့်လုပ်ငန်းတာဝန်များ၊ သဘာဝဘေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထား ရှိမှုများနှင့် ရပ်ကွက်/ကျေးရွာများတွင်လည်း ဖွဲ့စည်းဆောင်ရွက်ရမည့် အခြေအနေတို့ကို ဆွေးနွေးပြောကြားပြီး မိတ္ထီလာခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးမှူး ဒေါ်အေးအေးအောင်က သဘာဝဘေးနှင့်ပတ်သက်ပြီး မဖြစ်ပွားမီ၊ ဖြစ်ပွားချိန်နှင့် ဖြစ်ပွားပြီးချိန်များတွင် ဆောင်ရွက်ရမည့်လုပ်ငန်းများနှင့်သဘာဝဘေး ကိုင်တွယ်ဖြေရှင်းမှု အဆင့်ဆင့်တို့ကို ရှင်းလင်းဆွေးနွေးသည်။
ဆက်လက်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက သဘာဝဘေးဖြစ်ပွားပါကဒေသ၌ ကြုံတွေ့နိုင်မည့် အခြေအနေများနှင့် မိုးလေဝသသတင်းများကို မျက်ခြေမပြတ် စောင့်ကြည့်ကြရန် တို့ကို ဆွေးနွေးသည်။
ထို့နောက် သက်ဆိုင်ရာဌာနများက မိမိတို့ဌာနအလိုက် ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် ဆောင်ရွက်ထားရှိမှုများကို ဆွေးနွေးခဲ့ကြကြောင်းသိရသည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးအပြီးတွင် မြို့နယ်မီးသတ်ဦးစီးဌာန၌ သဘာဝဘေးအတွက် ကြိုတင်ပြင်ဆင်ထားရှိမှုများအား သွားရောက်ကြည့်ရှုရာ မြို့နယ်မီးသတ်ဦးစီးမှူးဦးထွန်းထွန်းဝင်းက ရှင်းလင်းပြသသည်။
ထို့နောက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ထုတ်ဝေသော မုန်တိုင်းဘေး ပညာပေးလက်ကမ်းစာစောင်များကို မြို့မဈေးကြီးသို့သွားရောက်၍ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်