သာစည် မေ ၉
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် မိတ္ထီလာတပ်နယ် အမှတ်(၁) တပ်မတော်ဆေးရုံ (ခုတင်-၅၀၀) နယ်လှည့်ဆေးကုသရေးအဖွဲ့က ရဟန်းသံဃာများ၊ သီလရှင်များနှင့် ဒေသခံပြည်သူများကို အခမဲ့ ဆေးကုသပေးခြင်းနှင့် ကျန်းမာရေး စစ်ဆေးစောင့်ရှောက်မှုများကို ယမန်နေ့ နံနက် ၈ နာရီက ကြက်မောက်ကျေးရွာ ရွာဦးဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
အခမဲ့ဆေးကုသပေးခြင်းနှင့်ကျ န်းမာရေးစောင့်ရှောက်မှုများကို မိတ္ထီလာတပ်နယ် အမှတ်(၁)တပ်မတော်ဆေးရုံ (ခုတင်-၅၀၀) နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ဗိုလ်မှူးကြည်မောင်မောင်ဦးစီး၍ ပါရဂူဆရာဝန်ကြီးများ၊ ဆေးမှူး၊သူနာပြုအရာရှိများနှင့် အခြားအဆင့်များက သားဖွားမီးယပ်၊ သွားနှင့်ခံတွင်း၊ ကလေးဖျားနာ၊ ခွဲစိတ်မှုဆိုင်ရာများ၊ တီဘီဓာတ်မှန်ရိုက်ခြင်းများနှင့် လူနာများအား အခမဲ့ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးပြီး ခေတ်မီစက်ကိရိယာများဖြင့် ရောဂါရှာဖွေခြင်းများ၊ လိုအပ်သောစစ်ဆေးမှုများ ဆောင်ရွက်ပေးကာ အရေးပေါ်လိုအပ်သော လူနာများအား တပ်မတော်ဆေးရုံသို့ တက်ရောက် ကုသမှုခံယူနိုင်ရန် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အခမဲ့ဆေးကုသပေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးရာသို့ မိတ္ထီလာ ယာယီတပ်နယ်မှူး ဗိုလ်မှူးချုပ်ဝင်းမောင်သိန်း၊ အမှတ်(၁) တပ်မတော်ဆေးရုံ (ခုတင်-၅၀၀) မှ ဒုတပ်မှူး ဗိုလ်မှူးကြီးမင်းဇော်မြတ်၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးဦးလွှမ်းမိုးဟန်၊ သာစည်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်ကျော်နှင့်အဖွဲ့ဝင်များက ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ဆောင်ရွက်ပေးကာ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူးနှင့်ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ကြက်မောက်ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးနှင့် အထောက်အကူပြုအဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့များက ဆေးကုသမှုခံယူမည့် လူနာများအား ဆေးကုသမှုအဆင်ပြေစေရန် ကူညီဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ခဲ့ရာ ကျား ၁၆၉ ဦးနှင့်မ ၁၉၀ ဦး စုစုပေါင်းလူနာ ၃၅၉ ဦးတို့အား အခမဲ့ဆေးကုသပေးခြင်းနှင့် ကျန်းမာရေးစစ်ဆေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်