အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းအမှတ်စဉ်(၄)သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

ဗန်းမော် မေ ၉

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့တွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးပညာသင်တန်း‌ကျောင်း (ဗန်းမော်)၏ သင်တန်းကျောင်းခန်းမ၌ အဆင့်မြင့် အိမ်တွင်းမှုစက်ချုပ်သင်တန်းအမှတ်စဉ်(၄)ဖွင့်ပွဲအခမ်းအနားကို   ယမန်နေ့နံနက် ၉နာရီခန့်ကကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်လွင်က သင်တန်းသို့တက် ရောက်လာကြသည့် သင်တန်းသူများဖြစ်သည့် ပြည်ထောင်စု တိုင်းရင်းသူများသည် ပညာရှာမှီးရင်း တိုင်းရင်းသူအချင်းချင်း ပိုမိုစည်းလုံးချစ်ခင်လျက် ပြည်ထောင်စုစိတ်ဓာတ်ခိုင်မြဲသည့် တိုင်းရင်းသူ လေးများ ဖြစ်လာစေရန်၊ နယ်စပ်ဒေသနှင့် ဆင်းရဲနွမ်းပါးသောဒေသများရှိ အမျိုးသမီးငယ်များကို အိမ်တွင်းမှုသက်မွေးပညာများ သင်ကြားပေးရန်နှင့် သင်ကြားတတ်မြောက်သည့် အသက်မွေးဝမ်း ကျောင်းပညာရပ်များဖြင့် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းထူထောင်နိုင်သည်အထိ ကူညီဆောင်ရွက် ပေးရန်၊ တိုင်းချစ်ပြည်ချစ်၊ အမျိုးချစ်စိတ် အစဉ်ရှင်သန်ထက်မြက်နေသည့် အမျိုးသမီးလေးများ ဖြစ်လာစေရန်၊ အိမ်တွင်းမှုပညာရပ်များ သင်ကြားပေးခြင်းဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိပြီး စားဝတ်နေရေး ဘက်စုံတိုးတက်၍ လူနေမှုအဆင့်အတန်း မြင့်မားလာစေရန် ၊ အမျိုးဂုဏ် ၊ ဇာတိဂုဏ် စောင့်ထိန်းပြီး အကျင့်စာရိတ္တကောင်းမွန်တဲ့အမျိုးသမီးလေးများဖြစ်လာစေရန်  စသည့်ရည်ရွယ်ချက် များဖြင့် အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းကို ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ထို့နောက် အမျိုးသမီးအိမ်တွင်းမှု သက်မွေးပညာသင်တန်း‌ကျောင်း(ဗန်းမော်) ကျောင်းအုပ် ဆရာမကြီး ဒေါ်သိမ့်သိမ့်စိုးက သင်တန်းတွင်ပို့ချမည့် ဘာသာရပ်များအား ရှင်းလင်းပြောကြားခဲ့ပြီး ဗန်းမော်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့မှ သတိုးသမီးသင်ခန်းစာအတွက် သင်ထောက်ကူပစ္စည်း ဝယ်ယူရန် ထောက်ပံ့ငွေကျပ် သုံးသိန်းငါးသောင်းကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ထောက်ပံ့ ပေးအပ်ရာ ‌ကျောင်းအုပ်ဆရာမကြီးက လက်ခံရယူခဲ့ကြောင်းနှင့် သင်တန်းကာလမှာ ၈.၅.၂၀၂၃ ရက်နေ့မှ ၆.၁၀.၂၀၂၃ ရက်နေ့အထိ ရက်သတ္တပတ် (၂၂)ပတ်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ခရိုင်ပြန်/ဆက်