မြေပုံ မေ ၉
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့၌ မုန်တိုင်းအန္တရာယ်ကြိုတင်ကာကွယ်ရေး အစီအစဉ်များကို အထူးအလေးထားဆောင်ရွက်ကာ မီးသတ်ဦးစီးဌာနမှ ကူညီကယ်ဆယ်ရေးပစ္စည်းများ ကြိုတင်ပြင်ဆင်ထားရှိမှုအား ပြည်သူများသို့အသိပေးကွင်းဆင်းသရုပ်ပြပွဲကို ယနေ့နံနက်(၈)နာရီ အချိန်က မြို့နယ်မီးသတ်ဦးစီးဌာနရုံးရှေ့နှင့် အုန်းတောချောင်းတို့၌ ပြုလုပ်သည်။
မုန်တိုင်းအန္တရာယ်ကျရောက်လာပါက မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များအနေဖြင့် အချိန်နှင့်တပြေးညီ ရှာဖွယ်ကယ်ဆယ်ရေးဆောင်ရွက်နိုင်ရန် အသင့်ဖွဲ့စည်းတာဝန်ပေးထားခြင်းနှင့် လိုအပ်မည့်ပစ္စည်းကိရိယာများ ပြင်ဆင်ထားရှိမှုတို့ဖြင့် သရုပ်ပြဆောင်ရွက်ကြသည်။
ရှာဖွယ်ကယ်ဆယ်ရေးလုပ်ငန်းများအတွက် လိုအပ်မည့်ပစ္စည်းကိရိယာများစုစည်း၍ သရုပ်ပြပွဲဆောင်ရွက်ရာသို့ နယ်မြေခံတပ်နယ်မှဗျူဟာမှူးဗိုလ်မှူးကြီးထွဋ်ခေါင်၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌဦးခိုင်လင်းနိုင်နှင့်အဖွဲ့ဝင်များ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဝင်များ နှင့် မြစ်ကမ်းဘေးနေပြည်သူများ တက်ရောက်ကြည့်ရှုသည်။
မိုးကြိုကာလမုန်တိုင်းဒဏ်ကြောင့် မြေပုံမြို့နယ်အတွင်း လူ၊ တိရိစ္ဆာန်အဆောက်အဦးများ ထိခိုက်ပျက်စီးမှုလျော့နည်းစေရေးအတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ စုရပ်များ ကြိုတင်ပြင်ဆင်ထားရှိခြင်း၊ မုန်တိုင်းအသိပေးဆော်ဩခြင်းတို့ကို အထူးအလေးထားဦးစားပေး ဆောင်ရွက်လျက်ရှိသည့်အပြင် မုန်တိုင်းကျရောက်လာပါက မီးသတ်ဦးစီးဌာနအနေဖြင့် ရှာဖွယ် ကယ်ဆယ်ရေးလုပ်ငန်းများအတွက် အသင့်အနေထားဖြင့် ကြိုတင်ဆောင်ရွက်ထားရှိပြီးဖြစ်ကြောင်း သရုပ်ပြလေ့ကျင့်ကြကြောင်း သိရသည်။
တင်ဝင်း