ကျောက်ဖြူမြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာများနှင့် ကြုံတွေ့လာပါက အရေးပေါ်တုန့်ပြန်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

ကျောက်ဖြူ  မေ  ၉   

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာများနှင့် ရင်ဆိုင်ကြုံတွေ့လာပါက အရေးပေါ်ကူညီမှုများ တုန့်ပြန်ဆောင်ရွက်နိုင်ရန်အတွက် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီဝင်များနှင့် ရပ်ကွက်/ကျေးရွာစာရေးများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၏ ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းတည့်(၁၂)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ကျောက်ဖြူမြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းထွဏ်းက မိုးဦးကာလတွင် ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးမှုများ လျော့ပါးစေရန်၊ သဘာဝဘေးအန္တရာယ်မကျရောက်မီ ကြိုတင်ကာကွယ် ပြင်ဆင်ခြင်းလုပ်ငန်းများ၊ ဘေးအန္တရာယ်လျော့ပါးစေရေးလုပ်ငန်းများ၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများနှင့် အရေးပေါ်တုန့်ပြန်ရေးလုပ်ငန်းများအတွက် မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ မြစ်ချောင်းနှင့် ပင်လယ်ကမ်းနားတစ်လျောက်နေထိုင်ကြသည့် ပြည်သူများ၊ ရေလုပ်ငန်းလုပ်ကိုင်နေသူများကို မုန်တိုင်းဘေးကြိုတင်အသိပေးထားရှိရန်၊ ရေလွတ်ရာနေရာများကို သတ်မှတ်ရှာဖွေထားရန်၊ အရေးပေါ်ကူညီကယ်ဆယ်ရေး ယာဉ်များ၊ လူဦးရေနှင့် တိရိစ္ဆန်များကို စာရင်းကောက်ထားရှိရန်၊ ရေကြောင်းသတိပေးချက်များကို လူမှုကွန်ရက်များမှ အချိန်နှင့်တစ်ပြေးညီ ဖြန့်ဝေခြင်းများဆောင်ရွက်ရန်၊ အရေးပေါ်ဆေးကုခန်းများ ဖွင့်လှစ်ဆောင်ရွက်ပြီး စားနပ်ရိက္ခာ၊ ရေနှင့် အရေးပေါ်ကူညီကယ်ဆယ်ရေးပစ္စည်းများကို အဆင်အသင့်ထားရှိရန်အတွက် မိမိတို့ ရပ်ကွက်/ကျေးရွာများရှိ ပရဟိတအသင်းအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ကြရန်၊ ခရိုင်/မြို့နယ် သဘာဝဘေးကော်မတီများနှင့် ချိတ်ဆက်၍ သဘာဝဘေးဖြစ်ပွားမှု အခြေအနေများကို အချိန်နှင့်တစ်ပြေးညီ တင်ပြဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။

ထို့နောက် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီဝင်များက မုန်တိုင်းဘေးကြိုတင်ကာကွယ်ရေးနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားပြီး ရပ်ကွက်/ကျေးရွာစာရေးများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများမှ  မိမိတို့ရပ်ကွက်/ကျေးရွာများတွင် ဆောင်ရွက်ထားရှိမှု အခြေအနေအား တင်ပြ ဆွေးနွေးကြပြီး မြို့နယ်အုပ်ချုပ်ရေးမှူးက တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

တင်ထွန်းဦး (ပြန်/ဆက်)