မိတ္ထီလာ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မိတ္ထီလာ မေ ၉

မိတ္ထီလာမြို့၌  သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မေလ ၉ ရက်နေ့ နံနက် ၁ဝ နာရီ ၃ဝ မိနစ်အချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ကြောင်းသိရသည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဇော်ဦးက  အမှာစကား ပြောကြားရာတွင် သဘာဝဘေးအန္တရာယ်ကျရောက်မည်ဆိုပါက  ပျက်စီးဆုံးရှုံးမှုများ အနည်းဆုံးဖြစ်အောင် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားကြရန်လိုအပ်ကြောင်း ၊ လေပြင်းတိုက်ခတ်ပါက နေအိမ်များ ပတ်ဝန်းကျင်ရှိ လဲပြိုကျနိုင်သော သစ်ပင်ကြီးများရှိပါက ခုတ်သင့်သည်များ ကြိုတင်ခုတ်ထားရမည်ဖြစ်ကြောင်း ၊ သဘာဝဘေးအန္တရာယ်ကျရောက်ပါက ဆောင်ရွက်လိုက်နာသင့်သည့်နည်းလမ်းများကို အသံချဲ့စက်များဖြင့် လှည့်လည်နှိုးဆော်အသိပညာပေးကြရန်နှင့် အသက်အရွယ်ကြီးရင့်သူ၊ မကျန်းမာသူနှင့် ကလေးငယ်များအား မုန်တိုင်းဖြစ်ပေါ်လာပါက ဘေးကင်းရာသို့ ရွှေ့ပြောင်းပေးနိုင်ရေးအတွက် ကြိုတင်စီမံ ထားရှိရန်လိုအပ်ကြောင်း ၊ မိတ္ထီလာဒေသအတွင်းရှိ ဆည်များနှင့် ဆည်ပေါင်များ၏ ကြံ့ခိုင်မှုအခြေအနေများကို အမြဲစစ်ဆေးဆောင်ရွက်နေရမည်ဖြစ်ကြောင်း၊ သစ်ပင်ကြီးများ အဓိကလမ်းမများပေါ်တွင် ပြိုလဲကျပါက လမ်းပိတ်ဆို့မှု မရှိရန်၊ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှု မရှိရန် အမြန်ဆုံးဖယ်ရှားရှင်းလင်းနိုင်ရေး အတွက်လည်း ကြိုတင်ပြင်ဆင်ကြရန် လိုအပ်ကြောင်း စသည်ဖြင့် ထည့်သွင်းပြောကြားသည်။ ထိုနောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်လာကြသော ခရိုင်မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက သဘာဝဘေးအန္တရာယ် ကျရောက်မည်ဆိုပါ ပျက်စီးဆုံးရှံးမှု အနည်းဆုံးဖြစ်အောင် ကြိုတင်ပြင်ဆင်ထားမှု အခြေအနေများနှင့် လိုအပ်ချက်များကို ဆွေးနွေးတင်ပြကြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဇော်ဦးက ပြန်လည်ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။ အဆိုပါ လုပ်ငန်းညှိနှိုင်အစည်းအဝေးသို့ ခရိုင်စီအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဇော်ဦးနှင့် အဖွဲ့ဝင်များ ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်အောင်လေးနှင့် အဖွဲ့ဝင်များ၊ ခရိုင်မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ချမ်းသာ