ကျိုက်မရော မေ ၉
မွန်ပြည်နယ်အသေးစားအငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ၏ MSMEs Talk Show စကားဝိုင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီက အ.ထ.က.ကျိုက်မရော(ပညာအားမာန်)ခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်၊ ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများ၊ အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းရှင် များ၊ဖိတ်ကြားထားသူများ တက်ရောက်ခဲ့သည်။
ရှေးဦးစွာ MSMEs Talk Show စကားဝိုင်းဆွေးနွေးပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာ စကားပြောကြားရာ၌ မွန်ပြည်နယ်အတွင်း ဒေသတစ်ခု ထုတ်ကုန်တစ်ခုအစီအစဥ် ဖြစ်မြောက်ရေးကို ဦးတည်ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ဒေသထွက် ကုန်ကြမ်းများထုတ်လုပ်ခြင်းနှင့် တစ်ပိုင်တစ်နိုင် ကုန်ထုတ်စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းတို့ကို တစ်စိုက်မတ်မတ် အားပေးလျက်ရှိကြောင်း၊ပြည်နယ်အတွင်းရှိ MSMEs လုပ်ငန်းရှင်များရဲ့ အားနည်းချက်အားသာချက်များကိုသိရှိပြီး လိုအပ်တဲ့ပံပိုးမှုများကို ပူးပေါင်းဆောင်ရွက်နိုင်ရန် ယခုကဲ့သို့ Talk Show စကားဝိုင်း များကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်စီးပွားရေးရာဝန်ကြီးနှင့်အစိုးရအဖွဲ့အတွင်းရေးမှူးဦးတိုးဝင်းတို့မှ ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များနှင့်စပ်လျဥ်း၍လည်းကောင်း၊ အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကဏ္ဍအလိုက်ဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းဆွေးနွေးခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ဒေသခံအသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းရှင်များအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ခဲ့ကြသည်။
ယင်းနောက်စကားဝိုင်းဆွေးနွေးပွဲကို ဆက်လက်ပြုလုပ်ခဲ့ပြီး တက်ရောက်ဆွေးနွေးသူများမှ စက်မှုနှင့် MSMEs ကဏ္ဍမြေယာကဏ္ဍ၊ ရင်းနှီးမြှပ်နှံမှုကဏ္ဍ၊ နည်းပညာဖွံဖြိုးတိုးတက်ရေး၊ စျေးကွက်ရရှိရေး၊ အခွန်ကဏ္ဍ၊ ဘဏ်လုပ်ငန်းများကဏ္ဍ၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေး၊ ပုဂ္ဂလိကလုပ်ငန်းကဏ္ဍများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့မှုအပေါ် ဒေသခံအသေးစား၊ အငယ်စား၊ အလတ်စားလုပ်ငန်းရှင်များက သိရှိလိုသည်များကို မေးမြန်းခြင်း၊ပြန်လည် ဖြေကြားခြင်းအကြံပြု ဆွေးနွေးခြင်းနှင့်လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက် )