ပြင်ဦးလွင်မြို့တွင် ပိုးစာမျိုးခွဲခြားခြင်းနှင့်စိုက်ပျိုးထုတ်လုပ်ခြင်း၊ ပိုးဥဖောက်ခြင်း၊ ပိုးမွေးမြူခြင်း၊ ပိုးရောဂါကြိုတင်တားဆီးခြင်းနှင့် ကာကွယ်ရေးဆိုင်ရာ Training of Trainers (TOT) သင်တန်းဖွင့်လှစ်သင်ကြား

ပြင်ဦးလွင် မေ ၉

ပိုးစာမျိုးခွဲခြားခြင်းနှင့် စိုက်ပျိုးထုတ်လုပ်ခြင်း၊ ပိုးဥဖောက်ခြင်း၊ ပိုးမွေးမြူခြင်း၊ ပိုးရောဂါကြိုတင်တားဆီးခြင်းနှင့် ကာကွယ်ရေးဆိုင်ရာလုပ်ငန်းများအား နားလည် တတ်မြောက်စေရန် ရည်ရွယ်၍ စိုက်ပျိုးရေးဦးစီးဌာန၊ ဝါနှင့်လျှော်မျှင်ထွက်သီးနှံဌာနခွဲ၊ ပိုးသုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးဗဟိုဌာန ပြင်ဦးလွင်မြို့နယ်ကကြီးမှူး၍ ပိုးစာမျိုးခွဲခြားခြင်းနှင့် စိုက်ပျိုးထုတ်လုပ်ခြင်း၊ပိုးဥဖောက်ခြင်း၊ ပိုးမွေးမြူခြင်း၊ ပိုးရောဂါကြိုတင် တားဆီးခြင်းနှင့် ကာကွယ်ရေးဆိုင်ရာ Training of Trainers (TOT) သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီ က ပိုးသုတေသနနှင့်နည်းပညာဖွံ့ဖြိုးရေးဗဟိုဌာနတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြင်ဦးလွင်မြို့၊ ပိုးသုတေသနပိုးစာခြံမှ ခြံတာဝန်ခံ ဦးစီးအရာရှိ ဦးဝင်းနိုင်က သင်တန်းဖွင့်အမှာစကား ပြောကြားရာတွင် ယခုသင်တန်းတွင် ပိုးမွေးမြူခြင်းနှင့် ပိုးဥဖောက်ခြင်းအကြောင်းများအား လုပ်ငန်းအတွေ့အကြုံရှိသူများက သင်ကြားပို့ချပေးမည်ဖြစ်၍ သင်တန်းသားများအတွက် အကျိုးရှိမည့် သင်တန်းတစ်ခုဖြစ်ပါကြောင်း၊  လက်ရှိတွင် ဈေးကွက်အတွင်း ပိုးချည်ဝယ်လိုအားမြင့်တင်လျက်ရှိသဖြင့် ပိုးဥထုတ်လုပ်ရေးမှစ၍ ပိုးချည်နှင့်ပတ်သက်သည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် တန်ဖိုးမြှင့်ထုတ်ကုန်များအထိ ထုတ်လုပ်နိုင်ရေး သင်တန်းသားများက  စဉ်ဆက်မပြတ် ဆက်လက်လေ့လာ၍ မိမိတို့လုပ်ငန်း နယ်ပယ်တွင် ပြန်လည်အသုံးချစေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြင်ဦးလွင်မြို့ ပိုးသုတေသနနှင့်နည်းပညာဖွံ့ဖြိုးရေးဗဟိုဌာန တာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာအေးနွယ်ဝင်းက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်နှင့် သင်တန်းတွင်သင်ကြားပေးမည့် ဘာသာရပ်များနှင့် ပတ်သက်၍  ရှင်းလင်းပြောကြားသည်။

ယခုဖွင့်လှစ်သည့် ပိုးစာမျိုးခွဲခြားခြင်းနှင့် စိုက်ပျိုးထုတ်လုပ်ခြင်း၊ ပိုးဥဖောက်ခြင်း၊ ပိုးမွေးမြူခြင်း၊ ပိုးရောဂါကြိုတင် တားဆီးခြင်းနှင့်ကာကွယ်ရေးဆိုင်ရာ Training of Trainers (TOT) သင်တန်းတွင် ကချင်ပြည်နယ်၊ ကယားပြည်နယ်၊  မန္တလေးတိုင်းဒေသကြီး၊  ရှမ်းပြည်နယ် (တောင်ပိုင်း) (မြောက်ပိုင်း) ကရင်ပြည်နယ်တို့မှ ခြံတာဝန်ခံများအပါအဝင် အရာထမ်း၊ အမှုထမ်း (၂၀) ဦးတို့အား ပိုးစာမျိုး ခွဲခြားခြင်းလုပ်ငန်း၊ ပိုးမျိုးဥဖောက်ခြင်းများကို မေလ ၈ ရက်နေ့မှ ၁၂ ရက်နေ့အထိ ငါးရက်ကြာ သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

ဖြူလူသစ်(ခရိုင်ပြန်/ဆက်)