ဝမ်းတွင်း မေ ၉
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်တွင်၊ မြို့နယ်အဆင့် အမျိုးသားသဘာဝအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အမျိုးသားသဘာဝ အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲမြင့်သိန်းက အစည်းအဝေးတွင် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်၊ရပ်ကွက်နှင့် ကျေးရွာအုပ်စုများတွင် သဘာဝဘေးဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့များကို အဆင့်ဆင့် ဖွဲ့စည်းဆောင်ရွက်ခဲ့ပြီး သဘာဝဘေးအန္တရာယ် ကျရောက်ခဲ့ပါက ဆောင်ရွက်ရမည့် လုပ်ငန်းများ၊ စုဆောင်းထားရှိရမည့် ပစ္စည်းများ၊ သဘာဝဘေးကြောင့် ထိခိုက်ဆုံးရှုံးမှု နည်းပါးစေရန် ကြိုတင်ဆောင်ရွက်သင့်သည့် လုပ်ငန်းများကို အသေးစိတ် ရှင်းလင်း ပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်အဆင့် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ဝန်ထမ်းများက ရေဘေး၊ မီး ဘေး၊ လေပြင်းဘေး၊ မုန်တိုင်းဘေး၊ လျှပ်စီး လက်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ မြေပြိုခြင်း၊ ဆူနာမီ၊ မိုးခေါင်ရေရှားဘေး စသည့် ပညာပေးစာစောင်များကို တက်ရောက်လာသော ဌာနဆိုင်ရာ အကြီးအကဲများ ၊ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် လူမှုရေးအသင်းအဖွဲ့များကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန် အခမဲ့ ဖြန့်ဝေပေးခဲ့သည်။
ထို့နောက် မီးသတ်ဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် သဘာဝအန္တရာယ် ကျရောက်လာပါက လုပ်ဆောင်ရမည့် ပစ္စည်းကိရိယာများ အဆင်သင့်ထားရှိမှုများနှင့် ပတ်သက် ၍ မြို့နယ်မီးသတ်ဦးစီးမှူး ဦးစိုးထွန်းမှ ရှင်းလင်းပြောကြားခဲ့ပြီး သဘာဝဘေးအန္တရာယ် ကျရောက်လာပါက လုပ်ဆောင်ရမည့် လုပ်ငန်းများကို မီးသတ်တပ်ဖွဲ့ဝင်များက သရုပ်ပြသခဲ့ရာ တက်ရောက်လာသူများက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)