သာကေတ မေ ၉
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးကျော်သူ စီမံကြီးကြပ်မှုဖြင့် ယမန်နေ့ညနေ ၄:၃၀ နာရီအချိန်က မြို့နယ်မီးသတ်ဦးစီးဌာနရုံးတွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့နှင့် မြို့နယ်လူမှုကူညီရေးအသင်းများမှ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးကူညီကယ်ဆယ်ရေးလုပ်ငန်းများအား ကြိုတင်ဇာတ်တိုက်လေ့ကျင့်ခဲ့ကြသည်။
အဆိုပါသဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လာပါက မြို့နယ်ရှိပြည်သူများထိခိုက်မှုအနည်းဆုံးဖြင့် ကျော်လွှားနိုင်ရေးအတွက် ဆိုင်ကလုန်းမုန်တိုင်းမဝင်ရောက်မီ၊ ဝင်ရောက်ချိန်၊ ဝင်ရောက်ပြီးသည့်အချိန်များတွင် ပြင်ဆင်သည့်လုပ်ငန်းများ၊ ရွှေ့ပြောင်းသည့်လုပ်ငန်းများ၊ ပြန်လည်ထူထောင်ရေးတွင် အသုံးပြုရမည့်ပစ္စည်းများ၊ ဆယ်သွယ်ရေးဆိုင်ရာပစ္စည်းများ၊ အစားအသောက်များ၊ ကျန်းမာရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ကာကွယ်ရေးနှင့်ကုသရေးလုပ်ငန်းများအခြေခံကာ မြို့နယ်မီးသတ်ဦးစီးဌာန၊ ဦးစီးအရာရှိ ဦးမင်းမင်းနှင့်အဖွဲ့ဝင်များ ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များမှ ကာကွယ်ရေးသုံးပစ္စည်းများ၊ မြေပြင်တွင်ကြုံတွေ့ရမည့်ကျန်းမာရေး စောင့်ရှောက်ရေးနည်းလမ်းများအား ဇာတ်တိုက်လေ့ကျင့်ခဲ့ကြသည်။
အဆိုပါဇာတ်တိုက်သရုပ်ပြဇာတ်လေ့ကျင့်ခြင်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးကျော်သူနှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများပူးပေါင်းပါဝင်ဇာတ်တိုက်လေ့ကျင့်ကြပြီး သိရှိလိုသည်များကိုမေးမြန်းကာ လက်တွေ့သရုပ်ပြဇာတ်တိုက်လေ့ကျင်ခြင်း၌ ပူးပေါင်းပါဝင်ဆောင်ရွက်ကြောင်း သိရှိရသည်။
ဆောင်းနှင်းဖြူ(ပြန်/ဆက်)